PSV နဲ့ ပွဲမှာ မာတင်နယ်လီ နဲ့ ဇင်ချန်ကို တို့ ပါဝင်ကစားနိုင်မှာလား ဆိုတာ ပြောကြားလိုက်တဲ့ အာတေတာ

အင်္ဂလန် ဘုရင်မကြီး ရဲ့ ဈာပန အခမ်းအနားကြောင့် ရွှေ့ဆိုင်း ခဲ့ရတဲ့ အာဆင်နယ် အသင်း နဲ့ ပီအက်စ်ဗွီ အသင်းတို့ရဲ့ ယူရိုပါလိဂ် အုပ်စွဲ ပွဲစဉ် ကို ဒီနေ့ည မြန်မာ စံတော်ချိန် ၁၁ နာရီ မိနစ် ၃၀ မှာ ပြန်လည် ကစားသွားမှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်တွင် အမှတ်ပေး ဇယား အဆင့် ၁ နေရာမှာ ရပ်တည် နေတဲ့ အသင်း ဖြစ်ပြီး ပီအက်စ်ဗွီ အသင်းကတော့ နယ်သာလန်လိဂ် မှာ အိုင်းယက်စ် ရဲ့နောက် အဆင့် ၂ နေရာမှာ ရပ်တည် နေပါတယ် ။

ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အာဆင်နယ် အသင်းဟာ သုံးပွဲ ကစား သုံးပွဲ နိုင် နဲ့ အုပ်စု ထိပ်ဆုံးမှာ ရှိနေပြီး ပီအက်စ်ဗွီ အသင်းကတော့ နှစ်ပွဲ နိုင် ၁ ပွဲ သရေ နဲ့ အုပ်စု ဒုတိယနေရာမှာ ရှိနေပါတယ် ။ ဒါကြောင့် ဒီနေ့မှာ ကစားမယ့် ပွဲဟာ အုပ်စု ပထမရရေး နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲ ဖြစ်ပါတယ် ။

ယူရိုပါလိဂ် မှာ အုပ်စု ပထမရတဲ့ အသင်းဟာ ၁၆ သင်း အဆင့် ကို တိုက်ရိုက် ကစားခွင့် ရမှာ ဖြစ်ပြီး ဒုတိယရတဲ့ အသင်းက ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ တတိယရတဲ့ အသင်းနဲ့ play-off ယှဉ်ပြိုင် ကစားရမှာပါ ။ ဒါကြောင့် ပွဲအပို မကစားရရေး အတွက် အုပ်စု ပထမရဖို့ လိုအပ်ပါတယ် ။

မနေ့က အာဆင်နယ် နည်းပြ အာတေတာ နဲ့ ပီအက်စ်ဗွီ နည်းပြ နစ္စတယ်ရွိုင်း တို့ဟာ ပွဲကြို သတင်းစာတွေ အသီးအသီး ပြုလုပ် ခဲ့ကြပါတယ် ။ အာဆင်နယ် နည်းပြ အာတေတာ ဟာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ မာတင်နယ်လီ နဲ့ ဇင်ချန်ကို တို့ရဲ့ အခြေအနေကို ရှင်းလင်း ပြောကြား သွားခဲ့ပါတယ် ။

ယူကရိန်း လက်ရွေးစင် ဇင်ချန်ကို ဟာ calf injury ကြောင့် အာဆင်နယ် အသင်းရဲ့ နောက်ဆုံး ၃ ပွဲ ဆက် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိဘဲ ဒီတစ်ပတ် လေ့ကျင့်ရေး အစီအစဉ်ကိုလည်း မာတင်နယ်လီ နဲ့ တူတူ လွဲချော် ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ကတော့ PSV နဲ့ ပွဲမှာ မာတင်နယ်လီ နဲ့ ဇင်ချန်ကို တို့ ပါဝင်နိုင်မှာလား ဆိုတဲ့ မေးခွန်းကို ” သူတို့ ဒီနေ့ပွဲကို လွဲချော်မယ်လို့တော့ မဟုတ်ပါဘူး ။ ပါဝင် ကစားနိုင်ချေ ရှိနေပါသေးတယ် ၊ သူတို့ရဲ့ အခြေအနေ ကို ကြည့်ပီးမှ ထည့်ကစားသင့် မသင့် ဆုံးဖြတ် သွားပါမယ် ။ ”

” ဇင်ချန်ကို ရဲ့ ဒဏ်ရာ အခြေအနေက စိုးရိမ်စရာ မရှိပါဘူး ၊ သူက အခု လက်ရှိမှာ calf injury ရှိနေတာကြောင့် ပွဲတွေကို လွဲချော် ခဲ့ရတာ ဖြစ်ပါတယ် ၊ ကမ္ဘာ့ဖလား မတိုင်ခင်တော့ သူ သေချာပေါက် ပြန်ကစား နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM