Clean Sheet မှတ်တမ်း ဆက်ထိန်းနိုင်ခဲ့ပေမယ့် ၊ နိုင်ပွဲ မရတဲ့ အတွက် မပျော်ရွှင်နေတဲ့ ကီပါ

 

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရန်းဖို့ဒ် အသင်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲဆက်မှု မှတ်တမ်း ရပ်တန့်ခဲ့ရပြီ ဖြစ်ပါတယ် ။ သို့ပေမယ့် နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ရှုံးပွဲမရှိ မှတ်တမ်းကောင်းတော့ ကျိုးပျက်ခြင်း မရှိသေးပါဘူး ။

အပေါင်း လက္ခဏာ ဆောင်ခဲ့တာကတော့ Clean Sheet မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါကလည်း ပွဲထွက်ခွင့်တွေ ဆက်တိုက် ပြန်ရနေတဲ့ စပိန် ဂိုးသမား ကီပါ အရီဇာဘာလာဂါရဲ့ လက်စွမ်းကောင်းတွေကြောင့် ဖြစ်ပါတယ် ။

 

ကီပါ က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန် ဗီလာနဲ့ ရင်ဆိုင်ခဲ့စဉ်က အတိုင်း လက်စွမ်းမျိုး ထပ်ပြခဲ့တာ ဖြစ်ပြီး ၊ ဘရန်းဖို့ဒ်ရဲ့ ထိရောက်တဲ့ ခြိမ်းခြောက်မှု ၂ကြိမ်လောက်ကို အမှားအယွင်း မရှိ ကာကွယ်ပြခဲ့ပါတယ် ။

ပွဲအပြီး Amazon Prime ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကီပါ က လတ်တလော လက်စွမ်းကောင်းတွေက သူ့ကို ယုံကြည်မှုတွေ ပြန်ပေးစေကြောင်း ဖွင့်ဟရင်း ၊ ရှေ့ဆက် အသင်းကို ကူညီပေးနိုင်ဖို့ ကြိုးစားသွားမယ့် အကြောင်း ကတိပြုခဲ့ပါတယ် ။

ကီပါ က ” ဘောလုံး ခြေထဲ ရှိတဲ့ အချိန်မှာရော ၊ မရှိတဲ့ အချိန်မှာပါ ကျွန်တော် ယုံကြည်မှု ပြည့်ဝနေတယ်လို့ ခံစားရပါတယ် ။ ပုံစံကောင်း ၊ နေရာကောင်းတွေမှာ ကျွန်တော် ရောက်နေပါတယ် ။ အသင်းက လိုအပ်တဲ့အချိန်မှာ ကူညီပေးနိုင်လို့ ကျွန်တော် ဝမ်းသာမိပါတယ် ။ ”

” ကစားသမားတိုင်းဟာ ယုံကြည်မှု ၊ တွန်းအား ကိုယ်စီ လိုအပ်ပါတယ် ။ ဂိုးသမား တယောက် အတွက် ဒီလို ယုံကြည်မှုမျိုး ဆိုတာ ဆက်တိုက်ရနေဖို့ ပိုပြီးတော့တောင် လိုတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ တကယ့်ပွဲတွေမှာ ထရိန်နင်နဲ့ မတူတဲ့ အခြေအနေများစွာ ကြုံတွေ့နိုင်လို့ပါ ။ ”

” အခုတော့ ကျွန်တော်ဟာ ကောင်းကောင်း ကစားနိုင်လို့ ယုံကြည်မှုတွေ ပြန်ရလာတယ်လို့ ထင်ပါတယ် ။ ဒီတော့ ရှေ့ဆက် ကျွန်တော် ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ကီပါက မနေ့က ပွဲအပြီး Clean Sheet မှတ်တမ်းကောင်း ဆက်ထိန်းနိုင်ခဲ့ပေမယ့် ၊ အနိုင်မရခဲ့လို့ မပျော်ရွှင်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကီပါ က ” ဒီနေ့ ကျွန်တော်တို့ မနိုင်ခဲ့ပါဘူး ။ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ပါတယ် ။ ပွဲပြီးခါနီးတွေမှာ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ် ။ ဒါပေမယ့် ရှေ့ဆက်ဖို့ ကြိုးစားရပါမယ် ။ ပြိုင်ဖက်က အခွင့်အရေးတွေ ရခဲ့သလိုမျိုး ကျွန်တော်တို့လည်း ရခဲ့ပြီး ၊ နောက်ဆုံး မိနစ် ၂၀ အတွင်း သူတို ကွင်းဖက်ခြမ်းကို တရစပ် ဖိအားပေး ကစားခဲ့နိုင်ခဲ့ပါတယ် ။ ”

” ဒီအခြေအနေမှာ ကျွန်တော်ဆို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပြီး ၊ ဂိုးသွင်းနိုင်ဖို့ ကောင်းခဲ့တာကြောင့် ဒီရလဒ် အပေါ် မပျော်ရွှင်ကြပါဘူး ။ ကျွန်တော်တို့ဟာ ထိပ်တန်း ကလပ်တွေနဲ့ ဆက်လက် ပြိုင်ဆိုင်ချင်ပါသေးတယ် ၊ အမှတ်ပေးဇယားရဲ့ အထက်ပိုင်းမှာ ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR