ရော်နယ်ဒိုရဲ့ နေရာမှာ ပရီးမီးယားလိဂ်စတားနဲ့ အစားထိုးရန် မန်ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ရှရိုင်ဂန်

တက်ဒီရှရိုင်ဂန်က မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ခရစ်စတီယာနိုရော်နယ်ဒိုကို ထွက်ခွာခွင့် ပေးသင့်တယ်လို့ ယုံကြည်နေပြီး သရဲနီ တို့ အနေနဲ့ ၎င်းရဲ့ နေရာအတွက် ငွေကြေးများစွာ သုံးစွဲပြီး အစားထိုးမှု ပြုလုပ်သွားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၀င်ခွင့် မရခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီက မန်ယူနိုက်တက် ကနေ ထွက်ခွာဖို့ အလိုရှိခဲ့ပါတယ်။

ပေါ်တူဂီစတားဟာ ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်ကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာခဲ့ပြီး မနှစ်က ပြိုင်ပွဲစုံမှာ ကလပ် အတွက် ၂၄ ဂိုးထိ ရယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ် အဲရစ်တန်းဟတ်က သူ့မှာ အစီအစဉ် သက်သက် ရှိနေဟန်ပုံ ပေါ်ပြီး ရော်နယ်ဒိုကို ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက်ခွင့် ပေးခဲ့ပြီး မနေ့ညက စပါးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ရော်နယ်ဒိုကို အရန်ခုံမှာသာ ထားခဲ့ပါတယ်။

ရှရိုင်ဂန်က ယူနိုက်တက်ရဲ့ လက်ရှိ ပုံစံကောင်းကြောင့် ရော်နယ်ဒိုကို ပွဲထွက် ကစားသမားစာရင်းမှာ အသုံးမပြုမှုဟာ ရာသီအစပိုင်းကလောက် ကျယ်ပြန်တဲ့ debate မရှိတော့ဘူးလို့ ယုံကြည်နေပြီး ယူနိုက်တက် အနေနဲ့ ပြီးခဲ့တဲ့ အပြောင်းအရွေ့ ကတည်းက ပေါ်တူဂီစတားကို ရောင်းထုတ်ခဲ့သင့်တယ်လို့ ယူဆနေပါတယ်။ ရှရိုင်ဂန်က မန်ယူနိုက်တက် အနေနဲ့ ရော်နယ်ဒိုကို ရှင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ၎င်းရဲ့ နေရာမှာ ဟယ်ရီကိန်းကို အစားထိုးတာ အသင့်တော်ဆုံး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

စပါးအတွက် ၄၆၆ ပွဲမှာ ၂၇၄ ဂိုးထိ သွင်းယူထားခဲ့တဲ့ ကိန်းဟာ ရော်နယ်ဒို မန်ယူနိုက်တက်ကို ရောက်လာခဲ့တဲ့ နွေရာသီက မန်စီးတီးကို ပြောင်းရွေ့ရန် ကြိုးစားခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ တော့တင်ဟမ်တို့ ဖလားလက်မဲ့ ဖြစ်ကာ top 4 နဲ့ လွဲချော်ပါက နောက်တစ်ကြိမ် ထွက်ခွာရန် ကြိုးစားသွားဖွယ် ရှိနေပါတယ်။

ရှရိုင်ဂန်က “အကယ်၍ မန်ချက်စတာယူနိုက်တက် အနေနဲ့ တိုက်စစ်မှုး တစ်ဦး အတွက် ငွေကြေးများစွာ သုံးစွဲရန် ဆုံးဖြတ်ထားတယ် ဆိုရင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် ကြိုးစားလိုက်ပါ။ သူဟာ မန်ယူနိုက်တက်တို့ လိုအပ်နေတဲ့ တိုက်စစ်မှုး ဖြစ်ပြီး ပရော်ဖက်ရှင်နယ် တအားကျကာ တိုက်စစ်ကို ဦးဆောင်ပေးနိုင်သလို အမြဲတမ်း သူ့ဆီက ၁၀၀% လုပ်အားကို ရရှိမှာ ဖြစ်ပါတယ်။

သူဟာ တကယ့် ကစားသမားကောင်းပါ။ ဒ့ါကြောင့် ယူနိုက်တက်တို့ သူ့အတွက် ငွေကြေးများစွာ သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါ။ ဒီစကားဟာ တော့တင်ဟမ် ပရိတ်သတ်တွေကို စိတ်ပျက်စေမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပြောနေတဲ့ အသင်းဟာ ကမ္ဘာပေါ်မှာ အကြီးကြယ်ဆုံး ကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ရိုးရိုးသာမန် တိုက်စစ်မှုး တစ်ဦးထက်စာရင် ဒီလိုမျိုး ကစားသမား အတွက် ငွေပုံအောသင့်ပါတယ်။”

ကိန်း အနေနဲ့ တော့တင်ဟမ်ကနေ ထွက်ခွာရန် ထပ်ပြီး ကြိုးစားဖို့ ရှိနေသလားဆိုတဲ့ အပေါ် “ကိန်းဟာ ဒီအချိန်မှာ တော့တင်ဟမ်မှာ ပျော်ရွှင်နေသလိုပါပဲ။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကလပ်ကနေ ထွက်ခွာချင်ခဲ့တာကြောင့် ရာသီအစပိုင်းမှာ တာထွက် မကောင်းခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သူ အာရုံ ပြန်စိုက်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ မူလအရည်အသွေးကို ခင်ဗျားတို့ ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။

သူဟာ ဒီအချိန်မှာ ပုံစံကောင်း ရှိနေပါတယ်။ ကမ္ဘာ့ဖလားက လာတော့မှာ ဖြစ်တဲ့ အပြင် ဂိုးတွေလည်း သွင်းနေတာကြောင့် ဒီအချိန်မှာတော့ စပါးကနေ သူထွက်ခွာဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

မန်ယူနိုက်တက်ရဲ့ squad player တစ်ဦး အဖြစ် အရန်ခုံ ရောက်နေတဲ့ ရော်နယ်ဒိုနဲ့ ပက်သက်ပြီး ရှရိုင်ဂန်က “ရော်နယ်ဒိုဟာ နွေရာသီက အသင်းပြောင်းဖို့ အတွက် ကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒီမှာ ဆက်ရှိနေခဲ့ပါတယ်။ အသင်းရဲ့ vibes က ဒီထက်တော့ ဆိုးစရာ မရှိတော့ပါဘူး။ အသင်းမှာ စူပါစတား တစ်ဦး ရှိနေတယ်ဆိုရင် ဒါဟာ အခြား ကစားသမားတွေကို သက်ရောက်မှု ရှိစေပါတယ်။

 

သူ့ကို နွေရာသီက ထွက်ခွာခွင့် ပေးသင့်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ယူနိုက်တက် အနေနဲ့ သူ့ကို ထွက်ခွာခွင့် ပေးကာ တကယ်ကောင်းတဲ့ အထောင် တိုက်စစ်မှုး တစ်ဦးကို ၀ယ်ပြီး အသင်းကို တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။”

SM