ရိုနယ်ဒို ရော မက်ဆီ ပါ ပါဝင်လာခဲ့ကြတဲ့ ၂၀၂၂ ခုနှစ် အတွက် Global Soccer Award စကာတင်များ

နှစ်စဉ်ပေးအပ် ချီးမြှင့်နေတဲ့ Global Soccer Award အတွက် ပဏာမ စကာတင် စာရင်းတွေကို ဒီကနေ့မှာပဲ ထုတ်ပြန် လိုက်ပါပြီ ။

ဒူဘိုင်း ရွှေဘောလုံးဆု ( Dubai D’or ) လို့လည်း ခေါ်ကြတဲ့ ဒီဆုကို ဥရောပ ကလပ် အဖွဲ့အစည်း ( ECA ) က ကြီးမှူုးပြီး ဥရောပ ဘောလုံး အေးဂျင့်အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ ၂၀၁၀ က စပြီး နှစ်စဉ် ကျင်းပလာခဲ့တာ အခု အကြိမ် နဲ့ ဆိုရင် ၁၃ ကြိမ် အထိ ရှိလာခဲ့ ပါပြီ ။

ဒီဆု ဟာ အစပိုင်းတုန်းက ကစားသမား ၊ နည်းပြ ၊ အေးဂျင့် ၃ ဆု နဲ့ စတင်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆုအမျိုးအမည်ပြောင်း ၂၁ ခု အထိ တိုးမြှင့် ပေးအပ်သွားတော့ မှာပဲ ဖြစ်ပါတယ် ။

ဒူဘိုင်း နိုင်ငံက နှစ်စဉ် အခမ်းအနာအိမ်ရှင် အဖြစ် ကျင်းပပြီး အဓိက စပွန်ဆာ အဖြစ် ပေးအပ်နေတဲ့ ဒီဆုကို ခရစ္စတီယာနို ရိုနယ်ဒို က ၆ ကြိမ် နဲ့ အများဆုံး ရရှိထားပါတယ် ။ မက်ဆီ ၊ ဖယ်ကာအို ၊ လီဝန်ဒေါ့စကီး တို့ အပါအဝင် ထိပ်တန်း ကစားသမား ၅ ဦးက ၁ ကြိမ်စီး ရရှိခဲ့ ကြဖူးပါတယ် ။

ဒီနှစ် အတွက် အကောင်းဆုံး အမျိုးသားဘောလုံးသမားဆု စကာတင် စာရင်းမှာလည်း ရိုနယ်ဒို ရော မက်ဆီပါ ပါဝင်လာခဲ့ ကြပါတယ် ။

စကာတင် ကစားသမား အယောက် ၂၅ ရဲ့ အမည်တွေကတော့ –

အလက်ဇန်းဒါး အာနိုး ၊ ကန်ဆယ်လို ၊ ကက်စမဲရိုး ၊ ကော့တွာ ၊ ဘန်ဇီးမား ၊ ဒီဘရိုင်းနား ၊ လူးဝစ် ဒီယာ့ဇ် ၊ ဖိုဒန် ၊ ဟာလန်း ၊ ဆီဘတ်စတီယန် ဟေလာ ၊ အင်မိုဘီလီ ၊ ဗီနီဆီယပ် ဂျူနီယာ ၊ ကင်မစ်ချ် ၊ လီဝန်ဒေါ့စကီး ၊ ဟယ်ရီကိန်း ၊ မာနေး ၊ မာရက်ဇ် ၊ အမ်ဘာပေ ၊ မက်ဆီ ၊ မိုဒရစ် ၊ ရိုနယ်ဒို ၊ နေမာ ၊ အန်ကွန်ကူ ၊ ဆွန်ဟောင်မင် နဲ့ မိုဟာမက်ဆာလာ တို့ပဲ ဖြစ်ကြပါတယ် ။

အကောင်းဆုံး အမျိုးသမီး ကစားသမားဆု အတွက် စကာတင် စာရင်းမှာတော့ ချဲလ်ဆီး ရဲ့ ဆမ်ခါး ၊ အာဆင်နယ် ရဲ့ ဘတ်မိသ် ၊ ဘာစီလိုနာ ရဲ့ အလ်စီယာ ပူတဲလက်စ် တို့ အပါအဝင် အယောက် ၂၀ ပါဝင်လာခဲ့ ကြပါတယ် ။

နည်းပြဆုအတွက် စကာတင် ၂၀ ယောက် ( အမျိုးသား + အမျိုးသမီး ) ရွေးချယ်ထားပြီး အန်ဆယ်လော့တီ ၊ အူနိုင်း အမ်မရီ ၊ ဂွာဒီယိုလာ ၊ အင်တာနည်းပြ ဆီးမြွန်းနီ အင်ဇာဂီ ၊ ဂျာဂင် ကလော့ ၊ မော်ရင်ဟို ၊ အေစီ နည်းပြ ပီယိုလီ တို့ ပါဝင်လာခဲ့ ကြပါတယ် ။

လူငယ်ရွှေဘောလုံး ( ကိုပါဆု ) မှာ အားပြိုင်ခဲ့ကြတဲ့ ပါဘလို ဂါဘီ ၊ ကာမာဗင်ဂါ ၊ ဂျုဒ် ဘယ်လင်ဂမ် ၊ မူစီယာလာ တို့ဟာလည်း Global Soccer Award ရဲ့ လူငယ်ဆု စကာတင်မှာ ထပ်မံ ပါဝင်လာခဲ့ကြပါတယ် ။

ရီးရဲ ရဲ့ ဗယ်ဗာဒီ ၊ ဘာစီကွင်းလယ် ကြယ်ပွင့် ပက်ဒရီ ၊ အာဆင်နယ် က ဆာကာ နဲ့ မန်စီးတီး က ဟူလီယံ အယ်လ်ဗာရက်ဇ် တို့လည်း ကနဦးစကာတင် စာရင်းထဲကို ဝင်ရောက်ခဲ့ကြပါတယ် ။

အကောင်းဆုံး ကလပ် အသင်းဆု အတွက်တော့ ဥရောပ ထိပ်သီးလိဂ် ၅ ခုက ချန်ပီယံတွေ ၊ အကောင်းဆုံး ဒုတိယဆုရှင်တွေ နဲ့ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲမက်ဒရစ် တို့ ပါဝင်ခဲ့ကြသလို တောင်အမေရိက က ပါမေးရပ်စ် ၊ ဘိုကာဂျူနီယာ တို့ ပါဝင်ခဲ့ကြပါတယ် ။

အမျိုးသမီး အသင်းဆုအတွက်တော့ လိုင်ယွန် ၊ ဘာစီလိုနာ ၊ ချဲလ်ဆီး တို့ ရေပန်းစားနေတယ်လို့ သိရပါတယ် ။

အပြောင်းအရွှေ့လောကရဲ့ ဘုရင်ဖြစ်လာတဲ့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ သူဟာ ဒီနှစ် ဒူဘိုင်းရွှေဘောလုံး ရဲ့ အကောင်းဆုံး ဂျာနယ်လစ်ဆု အတွက် စကာတင် ရွေးချယ်ခံထားရတာကြောင့် သူ့ကို မဲပေးဖို့ ဆိုရှယ်မီဒီယာတွေက တဆင့် တိုက်တွန်း သွားခဲ့ ပါတယ် ။

ဒီဆုကို ကမ္ဘာ့ဖလား စတင်ဖို့ ၃ ရက်အလို ၊ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပေးအပ် ချီးမြှင့်မှာ ဖြစ်ပြီး ကာတာ နဲ့ ဒူဘိုင်း နီးကပ်မှုကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ဆုရှင်တွေ တက်ရောက်နိုင်ဖို့ အလားအလာ ရှိတယ်လို့ သုံးသပ်ထားကြပါတယ် ။

နောက်ဆုံး စကာတင် စာရင်းကို နိုဝင်ဘာ ၃ ရက်နေ့မှာ ထပ်မံ ကြေညာမှာ ဖြစ်ပြီး ပရိသတ်တွေရဲ့ မဲနဲ့ အဓိက ဆုံးဖြတ်တဲ့ တစ်တော့ဖန် တနှစ်တာအကောင်းဆုံးဆု လည်း ပါဝင်မှာ ဖြစ်ပါတယ် ။ ဒီဆုကို မနှစ်က ဘိုင်ယန် တိုက်စစ်မှူးကြီး ( ထိုစဉ်က ဘိုင်ယန် ) ရောဘတ်လီဝန်ဒေါ့စကီး က ရရှိသွားခဲ့ပါတယ် ။

ဒီနှစ်မှာရော ဘယ်သူတွေ ဆုရှင်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြပါစို့ဗျာ . . . . .

 

SPORTS MYANMAR