ယူရိုပါလိဂ်အုပ်စု ပွဲစဉ်မတိုင်မှီ အာဆင်နယ်ပရိသတ်တွေကို သတင်းစကားပါးလိုက်တဲ့ နစ္စတယ်ရွိုင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်ပြီး လက်ရှိမှာ နယ်သာလန် ကလပ် ပီအက်စ်ဗွီ အသင်းကို နည်းပြ နေတဲ့ နစ္စတယ်ရွိုင်း က အာဆင်နယ် ပရိသတ်တွေ အနေနဲ့ သူ့ကို ကျေးဇူးတင်တဲ့ အနေဖြင့် နွေးနွေးထွေးထွေး ကြိုဆိုသင့်တယ်လို့ ဆိုလိုက်ပါတယ် ။

နစ္စတယ်ရွိုင်းဟာ ၂၀၀၃ ခုနှစ်က Battle of Old Traffordမှာ အဓိက ဇတ်လိုက်ကျော် ဖြစ်ခဲ့သူပါ ။ နစ္စတယ်ရွိုင်း ကြောင့် အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ ဗီအဲရာ ထုတ်ပယ် ခံခဲ့ရသလို ပွဲပြီးခါနီး ရရှိခဲ့တဲ့ ပင်နယ်တီ ကိုလည်း ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိတာကြောင့် အာဆင်နယ် ကစားသမားတွေရဲ့ ဝိုင်းဝန်း လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ် ။

နစ္စတယ်ရွိုင်း ရဲ့ ပင်နယ်တီ မဝင်မှုကြောင့် အာဆင်နယ် အသင်းဟာ ရှုံးပွဲ ကြုံတွေ့ရမယ့် အရေးကနေ လွတ်မြောက်ခဲ့ပြီး ၂၀၀၃-၀၄ ဘောလုံးရာသီ တစ်ခုလုံးကို လိဂ် ရှုံးပွဲ မရှိအောင် ဖြတ်သန်းကာ Invincible ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင် ခဲ့ပါတယ် ။

နစ္စတယ်ရွိုင်း က အာဆင်နယ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ” ကျွန်တော့်ကို နွေးနွေးနွေးထွေးထွေးကြိုဆို ကြဖို့ မျှော်လင့် ထားပါတယ် ။ ကျွန်တော့်ရဲ့ ပင်နယ်တီ လွဲချော်မှုကြောင့် အာဆင်နယ် အသင်း ရှုံးပွဲ ကြုံရမယ့် အရေးကနေ လွတ်မြောက်ပြီး invincible ဖြစ်သွားခဲ့တာလေ ။ ”

နွေးနွေးထွေးထွေး ကြိုဆိုကြမယ်လို့ရော ထင်သလား ဆိုတဲ့ မေးခွန်းကို နစ္စတယ်ရွိုင်း က ” ထင်တော့ မထင်ပါဘူး ။ကျွန်တော်တို့ PSV အသင်းအိမ်ကွင်းမှာ ကစားရတဲ့ ပွဲတွေဆိုမှာလည်း ပြိုင်ဘက် အသင်းဆီမှာ ကစားခဲ့ဖူးသူတွေကို လှောင်ပြောင် အော်ဟစ်တာမျိုး ရှိကြတာပါပဲ ။ ”

” ဒါမျိုးက ဘောလုံးကွင်းအတွင်းမှာ မြင်တွေ့နေကျ ကြားနေကျ လေတိုက်စကားတွေပဲလေ ။ အခု အချိန်မှာ မယုံနိုင်လောက်အောင် ပုံစံ ကောင်း ရနေတဲ့ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရမယ့် အပေါ် စိတ်လှုပ်ရှား ရင်ခုန် နေပါပြီ ။ ”

” အာဆင်နယ် က ဒီရာသီမှာ အကောင်းဆုံး ရလဒ်တွေ ရနေတဲ့ အသင်းပါ ၊ ၁၀ ပွဲ ကစားထားပြီးချိန်မှာ ၉ ပွဲ နိုင်ထားတယ် ဆိုတာ အံ့ဩဖွယ်ရာပါပဲဗျာ ၊ အာဆင်နယ် အသင်း က ကစားပုံရော ရလဒ်ရောအများကြီး တိုးတက် ကောင်းမွန်လာသလို နည်းပြ အာတေတာ ကလည်း အသင်းကို တိုးတက်လာအောင် လုပ်ဆောင် ထားနိုင်သူပါ ။ ”

” လူငယ် ကစားသမား အများစု နဲ့ဖွဲ့စည်းထားတဲ့ အာဆင်နယ် အသင်း ရဲ့ ကစားဟန် က ကြည့်ရတာ အရသာ သိပ်ရှိတဲ့ အသင်း တစ်သင်းပုံစံမျိုး ဖြစ်နေပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM