မှော်ဝင်ပူးတဲ့ ဖရက်ဒ် ၊ အစွယ်မဲ့တဲ့စပါး ၊ တန်ဟတ် ရဲ့ ဗျုဟာ တို့နဲ့ . . . မန်ယူနိုက်တက် ၂-၀ စပါး ပွဲက စိတ်ဝင်စားစရာ အကြောင်းများ

 

ဘရူနို ဖာနန်ဒက်စ် ရဲ့ ဂိုးပေါက် ပျောက်မှု အဆုံးသတ်ခဲ့ ပါပြီ ။ တော့တင်ဟမ် ဟော့စပါး ကတော့ ဒီရာသီရဲ့ ဒုတိယမြောက် ရှုံးပွဲကို ကြုံသွားခဲ့ရပြီး ချန်ပီယံဆု အတွက် မျှော်လင့်ဖို့ အလားအလာ နည်းပါး လာခဲ့ပါပြီ ။

ယူနိုက်တက် ကတော့ သရေကျပြီး ၂ မှတ်လျော့ သွားတဲ့ ချဲလ်ဆီး ရဲ့ အဆင့် ၄ နေရာကို အနီးကပ်ဆုံး ဖိအားပေး လာနိုင်ခဲ့ပါပြီ ။

နောက်တပတ်မှာ သူတို့ ဒီနေရာအတွက် စတမ်းဖိုဒ့် ဘရစ် ထိ သွားပြီး စာရင်းရှင်းရတော့မှာပါ ။

 

တပွဲလုံးခြုံပြီးပြောမယ်ဆိုရင် ယူနိုက်တက် က စပါးကို အပြတ်အသတ် အသာရခဲ့ပါတယ် ။ ယူနိုက်တက် – စပါး ပွဲလို့ မပြောဘဲ ယူနိုက်တက် – လိုရစ် ပွဲလို့တောင် ပြောလို့ရခဲ့တဲ့ အထိပါ ။

အဆုံးသတ် အားနည်းတာ ၊ လိုရစ် လက်စွမ်းပြ ခဲ့တာ ၊ ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် အချို့တွေ ကြောင့်သာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ပြီးသွားခဲ့တာပါ ။ ဘာပဲ ဖြစ်ဖြစ် ယူနိုက်တက် အတွက်တော့ ကျေနပ်စရာ ရလဒ် ဆိုတာထက် ပိုခဲ့မှာ သေချာပါတယ် ။

 

ဒီနေ့ပွဲမှာ မြင်ခဲ့ရတဲ့ စိတ်ဝင်စားစရာတွေကတော့ –

၁ ။ ဗျူဟာမှန်တဲ့ တန်ဟတ် ၊ ဗျူဟာမှားတဲ့ ကွန်တီ

နည်းစနစ် အားကောင်းတဲ့ နည်းပြ ၂ ယောက် ရင်ဆိုင်ကြတဲ့ ပွဲမှာ မှားသူ ခံစတမ်းပါပဲ ။ ကွန်တီ ဟာ အရင်က သုံးနေကျ ၃-၄-၄ ကို စွန့်လွှတ်ပြီး ၃-၅-၂ နဲ့ ပွဲထွက် ခဲ့ ပါတယ် ။ ယူနိုက်တက် ကွင်းလယ်ကို ပုံဖျက်ပြီး Side-back တွေရဲ့ အားနဲ့ ကစားဖို့ ပြင်ဆင်ခဲ့ ပေမယ့် တကယ်တမ်းမှာတော့ အလုပ် မဖြစ်ခဲ့ ပါဘူး ။

ယူနိုက်တက် ကတော့ ဒီနေ့ ပွဲမှာ ကြမ်းကြမ်း ကစားသွားခဲ့ပြီး ဧရိယာ အပြင်ဘက် ကနေ မကြာခဏ ကန်သွင်း ခဲ့တာကို တွေ့ခဲ့ရပါတယ် ။ ဒီလို ဧရိယာ အပြင်ကနေ လှမ်းကန်တာမျိုးကို အရင် နည်းပြတွေ သိပ်အားမပေးခဲ့ ပါဘူး ။ ဒီနေ့မှာတော့ ဖရက်ဒ် ၊ ကက်စမဲရိုး ၊ ဖာနန်ဒက်စ် တို့ဟာ စပါး ဧရိယာထိပ် ကနေ အကြိမ်များစွာ ကန်ခွင့် ရခဲ့ပါတယ် ။ ဒီနေရာဟာ စပါးရဲ့ ဟာကွက် ဖြစ်ခဲ့ပြီး တန်ဟတ် က ဒါကို ကောင်းကောင်းမြင်တွေ့ နိုင်ခဲ့ ပါတယ် ။

 

၂ ။ ရိုနယ်ဒို လား ၊ ရက်ဖိုဒ့် လား

ရိုနယ်ဒို တယောက် ဒီနေ့ မကစားခဲ့ရ ပါဘူး ။ သွေးပူလေ့ကျင့်ခန်းတွေ လုပ်ခဲ့ပေမယ့် လူစားလဲ မထည့်ခံရတဲ့ အပေါ် GOAT ကြီး တယောက် စိတ်ဆိုးသွားသလား မသိပါဘူး ၊ ပွဲပြီးခါနီးမှာ ( ပွဲပြီးတဲ့အထိ မစောင့်ဘဲ ) ဥမင်ထဲ ကို ဝင်သွားခဲ့ ပါတယ် ။

ယူနိုက်တက် ရဲ့ တိုက်စစ်ကို ရက်ဖိုဒ့် ဦးဆောင်ခဲ့ပြီး စပါး ဂိုးထဲကို အကြိမ်ပေါင်း များစွာ ကန်ခဲ့ပါတယ် ။ ပိုပြီး ပြောရရင် ရက်ဖိုဒ့် ဟာ မနေ့ညက ယူနိုက်တက် အသင်းသားတွေထဲမှာ လိုရစ် ကို အများဆုံး ကန်ခွင့် ရခဲ့သူပါ ။ ဒါပေမယ့် တဂိုးမှ မသွင်းနိုင်ခဲ့ ပါဘူး ။

တိုက်စစ်မှူး တယောက် ဂိုးမရမှုမှာ ကိုယ်တိုင် အဆုံးသတ် အားနည်းတာ ၊ ပြိုင်ဘက် ဂိုးသမား လက်စွမ်းပြတာနဲ့ ကံဖေးမမှု မရှိတာတွေကြောင့်လို့ ပြောနိုင်ပါတယ် ။

ရက်ဖိုဒ့် ရဲ့ မနေ့ညက ဂိုးပေါက်ရှာမတွေ့မှုမှာတော့ သူ့ရဲ့ အရည်အသွေး ၄၀% ၊ လိုရစ် ရဲ့ လက်စွမ်းပြမှု ၆၀% ပါခဲ့ပြီး ကံခေတဲ့ အကြိမ်မရှိခဲ့ပါဘူး ။ သုံးသပ်ဝေဖန်ရေးတွေ ပြောသလိုပါပဲ ၊ ရက်ဖိုဒ့် အနေနဲ့ ယူနိုက်တက် အထောင်တိုက်စစ်မှူး နေရာကို လိုချင်ရင်တော့ အဆုံးသတ်ပိုကောင်းအောင် လေ့ကျင့်ဖို့ လိုအပ်မှာပါ ။

 

၃ ။ မှော်ဝင် ဖရက်ဒ်

အပွဲပွဲ နှပ်ခံခဲ့ရတဲ့ ဖရက်ဒ် တယောက် ဒီနေ့ပွဲမှာတော့ Man of the Match ဖြစ်လောက်အောင် ခြေစွမ်းပြခဲ့ ပါတယ် ။ အရေးပါတဲ့ အဖွင့်ဂိုး ကိုလည်း သွင်းပေးခဲ့ ပါတယ် ။ လူထိ လမ်းကြောင်းပြောင်းပြီး ဝင်ခဲ့တာ ဆိုပေမယ့် ပွဲချိန် အတွင်းက ဖရက်ဒ် ရဲ့ အားထုတ်မှုကို ပစ်ပယ်ထားလို့ မရပါဘူး ။

ဖရက်ဒ် ခြေစွမ်းပြမှုမှာ ဘရာဇီး အသင်းဖော် ကက်စမဲရိုး ရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်တွက်ရမှာပါ ။

ကက်စမဲရိုး ရောက်လာအပြီးမှာ ဖရက်ဒ် က တိုက်စစ်ကို ပိုလိုက် ကစားလာရပြီး အခုလို ပွဲမျိုးကို ကစား နိုင်တဲ့အထိ ဖြစ်လာခဲ့တာပါပဲ ။

၄ ။ အစွယ်မဲ့တဲ့ စပါး

စပါး ကို ချန်ပီယံလောင်း တသင်းလို့ မသတ်မှတ် နိုင်သေးတာကို အခုပွဲက ထပ်ပြီး သက်သေပြသွားခဲ့ ပြန်ပါပြီ ။

အသင်းကြီးတွေနဲ့ တွေ့ရင် ကြောင်တကောင်လို ဖြစ်သွားတာ ၊ အမှတ်တွေ ရအောင် မယူနိုင်ဘဲ ပြိုင်ဘက်တွေကို အမှတ်တွေ အလှူပေးနေရသရွေ့ ကတော့ စပါးတို့ အမှတ်ပေး ချန်ပီယံဆုကို အိပ်မက် မက်ခွင့် ရမှာ မဟုတ်ပါဘူး ။

ဒီနေ့ ပွဲမှာ စပါး တိုက်စစ်ဟာ ဒါးဗစ် ဒဟဲယား ကို ခြိမ်းခြောက်နိုင်စွမ်း နည်းခဲ့ ပါတယ် ။

ဆွန်ဟောင်မင် ၊ ကိန်း တို့ ဟာ ယူနိုက်တက် ဂိုးပေါက်ကို တည့်အောင်တောင် မနည်းကန်နေခဲ့ရတာပါ ။

ကူလူဆက်ဗ်စကီးရော ရစ်ချလီဆင် ပါ မပါနိုင်တာက ကွန်တီ ကို အပြောင်းအလဲ လုပ်ဖို့ ခက်သွား စေခဲ့ပုံပါပဲ ။

စပါး အတွက် အများကြီး မျှော်လင့်ထားလို့ မရသေးပါဘူး ။

၅ ။ တိုးတက်လာတဲ့ ယူနိုက်တက် ခံစစ်သမားများ

လီဆန်ဒရို မာတီနက် နဲ့ ရာဖေး ဗာရန်း တို့ အတွဲကတော့ နောက်ထပ် ပုံစံကောင်း တခုကို ပြသွားခဲ့ ပါပြီ ။ မာတီနက် ဟာ ဒီရာသီ ယူနိုက်တက် ရဲ့ ပုံစံ အမှန်ဆုံး ကစားသမား ဖြစ်နေပြီး မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာခဲ့ ပါတယ် ။

 

 

ဗာရန်း ကလည်း မနှစ်ကနဲ့ မတူတဲ့ တည်ငြိမ်မှုမျိုး ရှိနေပြီး ဒဏ်ရာ မရဖို့သာ အဓိကဆုတောင်းရမှာပါ ။

ဒီနေ့ပွဲမှာ ခံစစ်အစွန် က ရှော နဲ့ ဒါးလော့ တို့ရဲ့ ခံစစ် ကစားပုံတွေကိုလည်း ထည့်ပြီး ချီးကျုးရမှာပါ ။

အထူးသဖြင့် ဒီနှစ်ထဲမှာ ဒါးလော့ တိုးတက်လာတာကို ငြင်းလို့ မရပါဘူး ။ ပေါ်တူဂီ မှာ ကန်ဆယ်လို ကို ကျော်ပြီး ပွဲထွက်ခံရဖို့ မလုံလောက်သေးဘူးလို့ ပြောနိုင်ပေမယ့် ယူနိုက်တက် မှာတော့ ညာနောက်ခံလူ ပြဿနာ ကို ဒါးလော့ က ဖြေရှင်း ပေးနိုင်လိုက်ပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR