ဘရန်းဖို့ဒ်နဲ့ ပွဲမှာ အခွင့်အရေး ကိုယ်စီ ရခဲ့တဲ့ ချဲလ်ဆီး လူငယ် ကြယ်ပွင့် ၂ဦးရဲ့ ခြေစွမ်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

 

မနေ့ည က ကစားခဲ့တဲ့ ဘရန်းဖို့ဒ် အသင်းနဲ့ ကစားခဲ့တဲ့ အနောက်လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ပွဲထွက်စာရင်း တဝက်လောက် အပြောင်းအလဲလုပ် အသုံးပြုကာ ၊ လာမယ့် စနေနေ့ညမှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲအတွက် ကစားသမား အချို့ကို အနားပေးခဲ့ပါတယ် ။

ဒီအတွက်ကြောင့် နေရာ ပုံမှန် မရတဲ့ အသင်းသား အချို့ မနေ့ညက ပွဲမှာ အခွင့်အရေး ရခဲ့ပါတယ် ။ ဒီပွဲမှာ အကယ်ဒမီထွက် အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာ ပထမဆုံး ပွဲထွက်ခွင့် စရခဲ့ပြီး ၊ ပထမပိုင်းမှာ ၄င်းတယောက်ပဲ ခြေပေါ်ခဲ့တာကို တွေ့ရပါတယ် ။

အပြေးအား မရှိတဲ့ ဘရန်းဖို့ဒ် ခံစစ်မှူး ဘန်မီးနဲ့ ရင်ဆိုင်တဲ့ အခိုက်အတန့် ၂ကြိမ်လောက် ဘရိုဂျာဟာ ချဲလ်ဆီးရဲ့ တိုက်စစ်ကို အသက်ဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂရေဟမ် ပေါ်တာက ဘရိုဂျာရဲ့ ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး ပွဲထွက်ခွင့်မှ ခြေစွမ်း အပေါ် အခုလိုပဲ အကဲဖြတ် သုံးသပ်ခဲ့ပါတယ် ။

ပေါ်တာ က ” ပထမပိုင်း ကျွန်တော်တို့ ဂိုးရနိုင်တဲ့ အနေအထား ၂ကြိမ် ၊ ၃ကြိမ်လောက် ရှိခဲ့ပြီး ၊ အားလုံးဟာ သူနဲ့ တိုက်ရိုက် ပတ်သက်ခဲ့ပါတယ် ။ ရှေ့မှာ နေရာလွတ် ကြီးကြီးမားမား ရှိရင် သူ ဒါကို ကောင်းကောင်း အသုံးချတတ်ပါတယ် ။ ဒီအခြေအနေမျိုးမှာ သူဟာ ခင်ဗျား အတွက် ဂိုးရနိုင်မယ့် အလားအလာမျိုးတွေ ဖန်တီးပေးနိုင်ပါတယ် ။ ”

” ဘရန်းဖို့ဒ်ဟာ high press ပုံစံ ကစားတာကြောင့် ၊ ရံဖန်ရံခါ ဒီလို နေရာအလွတ်ကြီးတွေ ရတတ်ပြီး ၊ ဒီအတွက် အာမန်ဒိုကို သုံးခဲ့တာပါ ။ ၂ကြိမ် ၃ကြိမ်လောက်ပဲ ဒါမျိုး လုပ်နိုင်ခဲ့ပေမယ့် ၊ အမှန်အတိုင်း ပြောရရင် ဒီထက် ပိုပြီး လုပ်ချင်ခဲ့တာပါ ။ ပထမဆုံး ပွဲထွက်ခွင့် ရတဲ့ ပွဲဖြစ်လို့ ကျွန်တော်တို့ သူ့ကို မိနစ် ၆၀လောက် အထိ မိုင်ကုန် ကစားခွင့် ပေးခဲ့ပါတယ် ။ ”

” ခြုံပြီးပြောရရင် သူ့ ခြေစွမ်း အိုကေခဲ့ပါတယ် ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပျော်ရွှင် ကျေနပ်မှု ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘရိုဂျာလိုပဲ အက်စ်တွန်ဗီလာကနေ ပေါင်သန်း ၂၀ နဲ့ ပြောင်းလာခဲ့တဲ့ အင်္ဂလန် ဆယ်ကျော်သက် ကွင်းလယ်လူ ကာနီ ချူကွီမက်ကာဟာ မနေ့ည က ပွဲမှာ နာရီဝက်လောက် လူစားဝင် ကစားခွင့် ရခဲ့ပြီး ပွဲပြီးခါနီး စက္ကန့်ပိုင်း အလို ဂိုးပေါက် ခြိမ်းခြောက်မှုကောင်း တကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

ချူကွီမက်ကာရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးလည်း ပေါ်တာ က ” သူ့ရဲ့ ပင်ကို အရည်အသွေးတွေကို ကြည့်တဲ့အခါ အင်နဲ့အားနဲ့ ပြေးလွှား ကစားနိုင်တဲ့ ချာတိတ် တယောက် ဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ် ။ ဘရန်းဖို့ဒ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးမှာ ခင်ဗျားဟာ ခန္ဓာကိုယ်ချင်း ယှဉ်လုရတဲ့ အခြေအနေမျိုး မကြာခဏ ကြုံရမှာ ဖြစ်ပါတယ် ။ ”

” ဒီတော့ သူနဲ့ ခရစ်တီယန် ( ပူလီဆစ် ) တို့ကို ထည့်သုံးခဲ့ပြီး ၊ ၂ယောက်လုံး ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ရဲ့ ခြေစွမ်းက ပွဲအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ် ။ ကာနီဟာ လူငယ် ကစားသမား တဦး ဖြစ်ပြီး ၊ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပင်ကို အရည်အသွေးများစွာ ပိုင်ဆိုင်ထားပါတယ် ။ ”

” ကျွန်တော်တို့ကသာ သူ ရောက်လာနိုင်တဲ့ အလားအလာကောင်း အတွက် ပံ့ပိုး ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR