ဘရန်းဖို့ဒ်နဲ့ ပွဲမှာ ကော်နာ ဂေါ်လဂါ ဘာကြောင့် ၁၅မိနစ်ပဲ ကစားခဲ့တာလဲ ?

 

မနေ့ည က ကစားခဲ့တဲ့ ဘရန်းဖို့ဒ် – ချဲလ်ဆီး အနောက်လန်ဒန်ဒါဘီပွဲဟာ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါ စောစောစီးစီးပဲ လူစားလဲခံခဲ့ရပါတယ် ။

ဂေါ်လဂါ ဟာ မနေ့ညက ပွဲမှာ ဂရေဟမ် ပေါ်တာ လက်ထက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ပေမယ့် ၊ ကံဆိုးစွာနဲ့ ၁၅မိနစ်သာ ကစားခဲ့ရပြီး ၊ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။ ပွဲကစားနေစဉ် အတွင်းမှာတော့ ၄င်း ဒဏ်ရာ တခုခု ရခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပါတယ် ။

သို့ပေမယ့်လည်း ဂေါ်လဂါဟာ တကယ်တမ်းမှာ ကစားနေရင်း ၊ ဖျားချင်သလိုလို ဖြစ်ခဲ့တာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော် အသင်းဆရာဝန်နဲ့ စကား မပြောရသေးပါဘူး ။ ဒါပေမယ့် ကော်နာဟာ နေမကောင်း ဖြစ်ချင်သလို ခံစားခဲ့ရတာပါ ။ ဒီအတိုင်း ကစားနေရင်း ၊ ဖျားချင်သလိုလို သူ ဖြစ်ခဲ့တာပါ ။ ဒါကို ပွဲအစ ၁၅မိနစ် အတွင်း ခင်ဗျားတို့လည်း သတိထားမိကြပါလိမ့်မယ် ။ သူ့ကို ကြည့်ရတာ ပုံမှန် အတိုင်း မကစားနိုင်တဲ့ပုံ ပေါ်ခဲ့ပါတယ် ။ ”

” ဒီတော့ ၂၄နာရီလောက်ပဲ နားရင် ပြန်ကောင်းမယ့် အဖျား ဝေဒနာ ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ် ။ သူ ပြန်ကောင်းလာမှာပါ ။ အမှန်အတိုင်း ပြောရရင် ဒါက သူ့ရဲ့ ခြေစွမ်း အပေါ် သာမက ကျွန်တော် အပေါ်မှာပါ သက်ရောက်မှု အနည်းငယ် ရှိခဲ့ပါတယ် ။ ဒါပေမယ့် အမြန်ဆုံး သူ သက်သာလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ အနောက်လန်ဒန်ဒါဘီပွဲရဲ့ ပထမပိုင်းမှာ အထူး ရုန်းကန်ခဲ့ရပြီး ၊ ကီပါရဲ့ လက်စွမ်းပြမှုကြောင့် Clean Sheet ကို ပွဲပြီးတဲ့ အထိ ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။ မနေ့ညက ပွဲနဲ့ ပတ်သက်ပြီးလည်း ဂရေဟမ် ပေါ်တာ က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” တပွဲလုံး အတိုင်းအတာနဲ့ ခြုံပြောရရင်တော့ သရေ တမှတ်က မျှတမှု ရှိခဲ့ပါတယ် ။ သူတို့လည်း အခွင့်အရေးတွေ ရခဲ့သလို ၊ ကျွန်တော်တို့လည်း အခွင့်အရေးတွေ ရခဲ့ပါတယ် ။ ကျွန်တော်တို့ အဆုံး အထိ တွန်းအားပေးခဲ့ပါတယ် ။ ပွဲပြီးခါနီး အခိုက်အတန့်တွေမှာ ဂိုးသွင်းနိုင်လောက်တဲ့ အနေအထားမျိုးတွေ ဖန်တီးနိုင်ခဲ့ပါတယ် ။ ”

 

” ဒါပေမယ့် တချိန်တည်းမှာ ပွဲတပွဲ အနေနဲ့ ကြည့်ရင်တော့ တမှတ်က ၂သင်းလုံးနဲ့ ထိုက်တန်ခဲ့ပါတယ် ။ ပြိုင်ဖက် အသင်းက ကျွန်တော်တို့ကို ပွဲထိန်းချုပ်ခွင့် မပေးခဲ့ပါဘူး ။ သူတို့ လုပ်ရမယ့် အလုပ် သူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ။ အထောင် တိုက်စစ်မှူး ၂ဦးလုံး ၊ တည်ကန်ဘော ၊ အဝေး လက်ပစ်ဘောတွေကို အသုံးချခဲ့ပါတယ် ။ ”

” ဒါတွေက ကျွန်တော်တို့ အပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ် ။ သူတို့ အပေါ် ကျွန်တော် လေးစားမှု အပြည့်ထားပါတယ် ။ ဒါက လွယ်ကူတဲ့ ပွဲတပွဲ မဟုတ်ခဲ့ပါဘူး ။ နောက်ထပ် Clean Sheet ရခဲ့တာက ကျွန်တော်တို့ အတွက် အပေါင်း လက္ခဏာ ဆောင်ခဲ့ပါတယ် ။ အဝေး ၂ပွဲကနေ ၄မှတ် ရခဲ့တာက ကောင်းပါတယ် ။ ”

” ပွဲကို ထိန်းချုပ်နိုင်တဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ပုံတွေ ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် အဆုံးမှာ သရေ တမှတ်ပဲ ရခဲ့ပြီး ၊ ဒီကနေ ကျွန်တော်တို့ ရှေ့ဆက်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR