နူးနက်ဟာ ၁၀၀% ရောက်လာခဲ့ပြီလို့ ဆိုလိုက်ပြီး ဒုတိယပိုင်းအစမှာတင် လူစားလဲခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ကလော့

 

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က ဒါ၀င်နူးနက်ဟာ အခုဆိုရင် သူ့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၎င်းရဲ့ အလားအလာကောင်းကို ပြသနေပြီ ဖြစ်တယ်လို့ ထောက်ခံသွားခဲ့ပြီး ဥရုဂွေးစတားဟာ ၀က်ဟမ်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အန်ဖီး ကစားသမား ဘ၀အစမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်ထိခဲ့တာကြောင့် ၃ ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရတဲ့ အပြင် အထိုင်ကျဖို့လည်း ရုန်းကန် နေခဲ့ရပါတယ်။

နူးနက်ဟာ ၀က်ဟမ်းနဲ့ပွဲမှာ သူ့အတွက် တတိယမြောက် ဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်း တစ်ပိုင်းတည်းမှာတင် ဂိုးကန်သွင်းမှု ၅ ကြိမ် ၊ သွင်းဂိုး တစ်ဂိုး နဲ့ တိုင်ထိထွက်ခဲ့မှု တစ်ကြိမ် ရှိခဲ့ကာ ပြိုင်ဘက်နောက်တန်းကို ကောင်းစွာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ကလော့က “သူ့ရဲ့ သွင်းဂိုးဟာ အရေးပါပါတယ်။ သူဟာ ပြီးခဲ့တဲ့ ပွဲအနည်းငယ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူထားခဲ့ပြီးပါပြီ။ သူဟာ အခုဆိုရင် သွင်းဂိုးတွေနဲ့ အတူ ၁၀၀% ရောက်လာခဲ့ပါပြီ။ ဒါဟာ ကောင်းပါတယ်။ ပထမပိုင်း အပြီးမှာ သူဟာ ကြွက်သားမှာ အနည်းငယ် ခံစားရမှု ရှိခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး ၅ မိနစ်လောက်မှာ သူဟာ long sprint တွေ လုပ်ခဲ့တဲ့ အပြင် ဘောလုံးကို ရယူဖို့ ခြေထောက်ကို ဆွဲဆန့်တာတွေကြောင့် ကျွန်တော် အနည်းငယ် စိတ်ပူမိခဲ့ပါတယ်။

အဲဒီနောက် စွန့်စားမှု မလုပ်ချင်တာကြောင့် သူ့ကို လူစားလဲမှု လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့ အခိုက်အတန့်မှာ လူစားလဲနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ၀က်ဟမ်းနဲ့ပွဲဟာ လွယ်ကူတဲ့ညတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရဖို့ အတွက် လုံလောက်တဲ့ ကောင်းမွန်မှု ရှိခဲ့ပါတယ်။ တစ်ချို့ အခိုက်အတန့်တွေမှာ တကယ် ကောင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ထိုက်တန်တဲ့ အနိုင် ၃ မှတ် ရခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့က မန်စီးတီးကို အနိ်ုင်ယူခဲ့တဲ့ လီဗာပူးဟာ ဒုတိယပိုင်းမှာ ကစားအား ကျသွားခဲ့ပေမယ့်လည်း တစ်ပတ်အတွင်း ၃ ပွဲဆက် ကစားခဲ့ရတာကြောင့် ဒါဟာ နားလည်နိုင်ပါတယ်။ လီဗာပူး အနေနဲ့ သူတို့ရဲ့ နိုင်ပွဲအတွက် ဂိုးသမား အလီဆွန်ကိုလည်း ကျေးဇူးတင်သွားရမှာ ဖြစ်ပြီး ဘရာဇီးဂိုးသမားဟာ ပထမပိုင်းမှာ ဘို၀င်ရဲ့ ပင်နယ်တီကို ကာကွယ်ခဲ့တဲ့ အပြင် ဒုတိယပိုင်းမှာ ဆူးချက်ရဲ့ အနီးကပ် ကန်သွင်းမှုကိုလည်း လက်စွမ်းပြ ကာကွယ်ပေးခဲ့ပြီး clean sheet ရယူသွားခဲ့ပါတယ်။

ကလော့က “ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ ကစားပုံ တကယ်ကောင်းခဲ့ပြီး ပင်နယ်တီ ပေးခဲ့ရကတော့ ပထမပိုင်းရဲ့ ဆိုးရွားတဲ့ အဆုံးသတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အလီက ကာကွယ်ပေးခဲ့တာကြောင့် ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ကံကောင်းခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပေမယ့် ပထမပိုင်းမှာတော့ ဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ တအားကောင်းအောင် ကစားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ကစားဟန် ကောင်းခဲ့ကာ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပြီး လှပတဲ့ သွင်းဂိုးအပြင် တိုင်ထိထွက်မှု နဲ့ ဖေဘီယန်းစကီးရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေ ပြိုင်ဘက်ရဲ့ ကောင်းမွန်တဲ့ ပိတ်ဆို့မှုတွေကြောင့် ဂိုးထပ်မရခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ သိပ်မကောင်းခဲ့တာကြောင့် ပွဲဟာ open ဖြစ်သွားခဲ့ပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ ရလဒ်ကို ညှစ်ယူနိုင်ဖို့ဟာ တအားကို အရေးပါပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ လာမည့် weekend မှာတော့ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

SM