တော့တင်ဟမ် နဲ့ နိုင်ပွဲအပြီး အသင်းဖော် ငါးဦးကို ချီးကျူးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ တော့တင်ဟမ် ဟော့ စပါး အသင််းကို ဧည့်ခံ ကစားခဲ့ရပြီး အဲရစ် တန်ဟတ် ကတော့ ရော်နယ်ဒို ကို အရန်ခုံပေါ် ထားခဲ့ကာ ကွင်းလယ်မှာ ဖရက်ဒ် နဲ့ ကာစီမီရို တို့ကို ထုတ်သုံးသွားခဲ့ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှာ ရပ်ရှ်ဖို့ ၊ အန်တိုနီ ၊ ဆန်ချို နဲ့ ဘရူနိုတို့လို လှုပ်လှုပ်ရှားရှား ကစားပေးတတ်တဲ့ ကစားသမားတွေကို ပွဲထုတ်ခဲ့တဲ့ အတွက် တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ ခံစစ်မှူးတွေဟာ အတော့လေး အလုပ်ရှုပ်သွားခဲ့ရပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းများစွာ ဖန်တီးနိုင်ခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ အဆုံးသတ် စွမ်းရည် အပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေးဆဲ ဖြစ်တဲ့ အတွက် ပထမပိိုင်း ဂိုးမရှိ သရေ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ် ။

ဒါ့အပြင် ပြိုင်ဖက် ဂိုးသမား ဟူဂို လိုရစ် လက်စွမ်းပြနိုင်ခဲ့တာကလည်း ယူနိုက်တက် တို့ကို ဂိုးကံခေစေခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်း အစမှာပဲ ဆန်ချို ရဲ့ ဖန်တီးပေးမှုကတဆင့် ဖရက်ဒ်ဟာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး 69 မိနစ်မှာ ဖာနန်ဒက်စ် က တစ်ဂိုး ဆက်သွင်းနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ နောက်ထပ် အခွင့်အရေးကောင််းအချို့ ပိုင်ဆိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တဲ့ အတွက် ပွဲစဥ်ဟာ 2-0 နဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဥ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် 2 နေရာမှ မန်စီးတီး အသင်းအောက် 4 မှတ် ၊ အဆင့်တစ် နေရာမှ အာဆင်နယ်အောက် 8 မှတ် အကွာကို ရောက်ခဲ့ပါတယ် ။

ဒီလို အဖိုးတန် နိုင်ပွဲအပြီးမှာတော့ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ခံစစ်ကစားသမားတွေနဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ကာစီမီရို တို့ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်တွေကို ချီးကျူးရင်း နည်းပြ တန်ဟတ်ရဲ့ ကစားကွက်အကြောင်းပါ ပြောကြား သွားခဲ့လိုက််ပါတယ် ။

” မန်နေဂျာဟာ အင်တိုက်အားတိုက် ကစားစေချင်တယ် ၊ ဖိအားပေး တိုက်စစ်ဆင်စေလိုတယ်ဆိုတာကို လူတိုင်း သိကြမယ်လို့ထင်မိပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ဟာ ပြိုင်ဖက်ဆီက ဘောလုံး လုယူရရှိပြီးတိုင်း သူတို့ရဲ့ ဂိုးပေါက်နားကို ရောက်သွားခဲ့ကြရတာပါ ”

” မားကပ်စ် ရပ်ရှ်ဖို့ ဖက်မှ သူ့ရဲ့ ပထမဆုံး အခွင့်အရေးကို လွဲချော်သွားခဲ့ချိန်မှာ ကျွန်တော်က ‘ မစိုးရိမ်နဲ့ ၊ ငါတို့တွေသာ အခွင့်အရေးတွေ ဆက်လက် ဖန်တီးနိုင်မယ်ဆိုရင် ဂိုးရရှိဖို့ နီးစပ်မှုလည်း ဆက်လက် ပိုင်ဆိုင်သွားကြဦးမှာပါ ‘ လို့ ပြောခဲ့ပါသေးတယ် ”

” ဟုတ်ပါတယ် ၊ အခွင့်အရေးရတုန်း ဂိုးမသွင်းနိုင်ခဲ့ရင် ခင်ဗျားတို့တွေ စိတ်ပျက်လက်ပျက် ဖြစ်သွားမှာပဲလေ ။ ဒါပေမဲ့ ပထမပိုင်း အတွင်းမှာ ကျွန်တော်တို့ဟာ အခွင့်အရေးတွေ အများကြီး ဖန်တီးသွားနိုင်ခဲ့ကြပါတယ် ။ ဒီပွဲမှာ အသင်းရဲ့ ယုံကြည်မှု အပြည့်နဲ့ ကစားပုံက နိုင်ပွဲ ရရှိစေခဲ့တယ်လို့ ယုံကြည်မိပါတယ် ”

” ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခံစစ် ကစားပုံက ထူးကဲလွန်းခဲ့ပါတယ် ။ လီဆန်ဒရို (မာတီနက်ဇ်) ၊ ရာဖာ (ရာဖေးလ် ဗာရန်း) ၊ ကာဆာ (ကာဆီမီရို) နဲ့ ခံစစ် အစွန်လူ နှစ်ဦး (ဒီယိုဂို ဒါးလော့ နဲ့ လုခ်ရှော) တို့ရဲ့ ကစားပုံ ထူးကဲလွန်းခဲ့တယ််လို့ ကျွန်တော် ထင်မိပါတယ် ”

” ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ ဘောလုံးတွေ ဆုံးရှုံးခဲ့ချိန်မှာ သူတို့ရဲ့ ပြန်လည် တုန့်ပြန် ကစားမှုတွေက ကျွန််တော်တို့ကို နိုင်ပွဲ ရရှိစေဖို့ အဓိက အရေးပါခဲ့တယ်လို့ပဲ ထင်မိပါတယ် ” လို့ ဘရူနို ဖာနန်ဒက်စ် က အသင်းဖော်တွေကို ချီးကျူး သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar