ခရစ္စမတ် ပြီးရင် အာဆင်နယ် အသင်း ဖြစ်နေကျအတိုင်း ခြေချော်သွားလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်တဲ့ ဂန်းနားဟောင်း

 

ဂန်းနား ကစားသမားဟောင်း ဂျာမိန်း ပီးနန့် ​က အာဆင်နယ် အသင်းဟာ မကြာတော့တဲ့ အချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ် နိုင်တဲ့ အသင်း အနေအထား ကနေ ပြုတ်ကျ သွားလိမ့်မယ်လို့ ပြောကြား လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် (၁၁) မှာအာဆင်နယ် အသင်းဟာ လိဒ်ယူနိုက်တက် အသင်းကို တစ်ဂိုး ဂိုးမရှိ အနိုင်ရပြီး မန်စီးတီး အသင်းက လီဗာပူး အသင်းကို တစ်ဂိုးဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ ဒုတိယနေရာက မန်စီးတီး အသင်းကို ၄ မှတ် အထိ ဖြတ်ထား နိုင်ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီ အဖွင့် ၁၀ ပွဲ မှာ ၉ ပွဲ အထိ နိုင်ပွဲ ရယူ ထားနိုင်ပီး နှစ်ပေါင်း ၁၁၈ နှစ် အတွင်း အကောင်းဆုံး ရာသီ အဖြစ် စတင်ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ဒီရာသီအဖွင့် ၁၀ ပွဲ ရလဒ်ဟာ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်ရဲ့အဖွင့် ၁၀ ပွဲ ရလဒ်ထက်တောင် ပိုကောင်းနေတာပါ ။

အာဆင်နယ် အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာ နေတာ ဆယ်စုနှစ် နှစ်စု နီးပါး ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီရာသီမှာတော့ အာဆင်နယ် အသင်းရဲ့ ချန်ပီယံ အိပ်မက်တွေဟာ အသစ်တစ်ဖန် ပြန်လည် နိုးထ လာခဲ့ပါပြီ ။

ဒါပေမယ့်လည်း ဂန်းနားဟောင်း ပီးနန့် ကတော့ အသင်းဟောင်း အာဆင်နယ် အသင်း အပေါ် ယုံကြည်မှု နည်းပါးလျှက် ရှိနေပါတယ် ။ ပီးနန့် က ခရစ္စမတ် ကာလ ပြီးရင် အာဆင်နယ် အသင်း ဟာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားပြီး အဆင့်တွေ ကျသွားလိမ့်မယ်လို့ talkSPORT မှာ ပြောကြား သွားခဲ့တာပါ ။

” ခရစ္စမတ်ကာလ ပြီးရင် အာဆင်နယ် အသင်း ပြိုလဲ ကျဆင်း သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ မနှစ် က ရာသီကုန်ခါနီးမှာ သူတို့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့သလိုမျိုးပေါ့ဗျာ ။ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ် အတွင်း အာတေတာ စတင်ကိုယ်တွယ်စဉ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ အခု အာဆင်နယ် အသင်း ရဲ့ အခြေအနေက အံ့အားသင့်ဖို့ ကောင်းလာအောင် တိုးတက် ကောင်းမွန် လာပါတယ် ။ ”

” အာဆင်နယ် အသင်း အခု ရောက်နေတဲ့ နေရာ ၊ အဖွင့် ၁၀ ပွဲ ရလဒ် နဲ့ ပတ်သက်ပြီး အတော်များများက ချီးကျုး ပြောဆို နေကြပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်း ရလဒ်ကောင်းတွေကို ဆက်လက် ထိန်းသိမ်း နိုင်မှာလား ၊ ခရစ္စမတ် ပြီးရင်ရော အခုလိုမျိုး ဆက်လုပ်ပြနိုင်မှာလား ဆိုတာ မေးခွန်းထုတ်စရာပါပဲ ။ ”

” အသင်းအတော်များများ ရာသီအစပိုင်းမှာ အမြင့်ပျံသန်းပီး ကောင်းမွန် နေခဲ့တာကို ကျွန်တော်တို့ အကြိမ်ကြိမ် မြင်တွေ့ ခဲ့ဖူးပါတယ် ။ နောက် ခရစ္စမတ်ကာလလည်း ရောက်ရော ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာပြီး ဆက်တိုက် ကစားရတာများလာတာနဲ့အမျှ အလွယ်တကူ ခြေချော် သွားကြတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM