အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ် နိုင်နေပြီလား ဆိုတာ သုံးသပ် ပြောကြားလိုက်တဲ့ ဂီလ်ဘာတိုဆေးလ်ဗား

 

ဂန်းနား ကွင်းလယ်လူဟောင်း ဂီလ်ဘာတို ဆေးလ်ဗား က အာဆင်နယ် အသင်းဟာ Title Challenger ဖြစ်နေပြီလို့ ပြောဖို့ စောနေသေးကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ လိဒ်ယူနိုက်တက် အသင်းကို ကျဉ်းမြောင်းတဲ့ ရလဒ် နဲ့ အနိုင် ရခဲ့ပြီးနောက် ဒုတိယနေရာက လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ၄ မှတ် အထိ ဖြတ်ထားလိုက်နိုင်ပါပြီ ။

 

အာဆင်နယ် အသင်းဟာ ရာသီ အဖွင့် ၁၀ ပွဲ မှာ ၉ ပွဲ အထိ နိုင်ပွဲ ရယူ ထားနိုင်ပီး နှစ်ပေါင်း ၁၁၈ နှစ် အတွင်း အကောင်းဆုံး ရာသီ အဖြစ် စတင်ထားနိုင်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ဒီရာသီအဖွင့် ၁၀ ပွဲ ရလဒ်ဟာ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်ရဲ့အဖွင့် ၁၀ ပွဲ ရလဒ်ထက်တောင် ပိုကောင်းနေတာပါ ။

အာဆင်နယ် အသင်း ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်ရဲ့အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့တဲ့ ဂီလ်ဘာတိုဆေးလ်ဗား က အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ် နိုင်နေပြီလား ဆိုတဲ့ မေးခွန်းကို အခုလို သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

” အခုအချိန်မှာ အာဆင်နယ် အသင်း ကစားတာ အတော် ကောင်းနေပါတယ် ။ သူတို့ Title Challenger ဖြစ်နေပြီလို့တော့ ပြောဖို့ စောနေပါသေးတယ် ၊ ဒါပေမယ့် သူတို့ အခြေအနေ ကောင်းနေပါတယ် ။ ပြီးခဲ့တဲ့ ရာသီ ၁၀ ပွဲ ကစားပြီးချိန်နဲ့ ယှဉ်ရင် အများကြီး ကွဲပြား ခြားနား သွားပါပြီ ၊ အခု အမှတ်ပေး ဇယား ရပ်တည်မှုက သိပ်ကြည့်ကောင်းပါတယ် ၊ သူတို့ ဒီတိုင်း ဆက်လုပ်နိုင်ဖို့ လိုအပ်ပါတယ် ။ ”

” လာမယ့် နှစ်ပတ် က အာဆင်နယ် အတွက် သိပ်ကို အရေးပါတဲ့ ရက်သတ္တပတ် ဖြစ်ပါလိမ့်မယ် ။ ကမ္ဘာ့ဖလား မစတင်ခင် အချိန်မှာ ရလဒ်ကောင်းတွေ ဆက်လက် ရယူပြီး ထိပ်ဆုံး နေရာမှာ ဆက်ရှိနိုင်အောင် ကြိုးပမ်း ရပါမယ် ။ ”

” မန်စီးတီး အသင်းကိုသာ အမှတ်ဆက်ဖြတ်ထားနိုင်ရင် အတော်လေး ထူးခြား ကောင်းမွန်နေပြီလို့ ဆိုနိုင်ပါတယ် ။ မန်စီးတီး က သိပ်ကောင်းတဲ့ အသင်း တစ်သင်းပါ ၊ သူတို့ ရှုံးပွဲ ကြုံခဲ့ရပေမယ့် ရှုံးသွားတဲ့ အသင်းကလ​ည်း လီဗာပူး လို ထိပ်တန်း အသင်းကြီး တစ်သင်းကိုပါ ၊ လက်ကျန်ရာသီမှာလည်း မန်စီးတီး က အန္တရာယ် ရှိတဲ့ အသင်း အဖြစ် ဆက်ရှိနေဦးမှာပါပဲ ။ ”

” ဒါပေမယ့် အာဆင်နယ် အတွက် ထိပ်ဆုံးမှာ ဆက်ရှိနေဖို့က အရေးကြီးပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ် ပြန်လည် စတင်ချိန် သူတို့ ထိပ်ဆုံးမှာ ဆက်ရှိဖို့ ဆိုတာ မလွယ်ကူပါဘူး ၊ အမှတ်ပေး ဇယားကို ဦးဆောင်ဖို့က မလွယ်လှပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM