သီယာဂို ဆေးလ်ဗားရဲ့ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အသိပေးရင်း ၊ ချဲလ်ဆီး စတား တဦးရဲ့ အပြောင်းအရွှေ့ ကောလဟလ အပေါ် တုန့်ပြန်လိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းရဲ့ ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည က ကစားခဲ့တဲ့ အက်စ်တွန် ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ မိနစ် ၉၀ အပြည့် ကစားပေးခဲ့ပေမယ့် ၊ ပွဲပြီးခါနီးမှာ အနည်းငယ် ထိခိုက်မှု ရခဲ့ပါတယ် ။

သို့ပေမယ့် ဒဏ်ရာ ပြဿနာ တရပ် ဖြစ်လောက်အောင် အထိတော့ ဆိုးဆိုးရွားရွား မရှိခဲ့တာကြောင့် ၊ သီယာဂို ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ထရိန်နင်တွေမှာ ပူးပေါင်းထားပါတယ် ။ ယနေ့ည ဘရန်းဖို့ဒ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ဆေးလ်ဗား တယောက် ပွဲထွက်လာမလားဆိုတာ နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာ အပေါ်မှာသာ မူတည်နေပါတယ် ။

လာမယ့် စနေနေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲကြီး တပွဲ ကစားဖို့ ရှိတာကြောင့် ၊ ပေါ်တာ အနေနဲ့ ဆေးလ်ဗားကို ယနေ့ညပွဲမှာ မသုံးပဲ အနားပေးဖို့က ဖြစ်နိုင်ခြေ ရှိပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂရေဟမ် ပေါ်တာ က သီယာဂို ဆေးလ်ဗားရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အခုလိုပဲ အသိပေးခဲ့ပါတယ် ။

ပေါ်တာ က ” အခုမှ ဗီလာနဲ့ ပွဲအပြီး ၂၄နာရီ ၊ ၄၈နာရီလောက်ပဲ ရှိပါသေးတယ် ။ ဒီတော့ ကျွန်တော်တို့ဟာ သူ့ရဲ့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာဖို့ လုံလုံလောက်လောက် အချိန်ပေးရပါမယ် ။ ဒါပေမယ့် သူ့မှာ ဒဏ်ရာ ပြဿနာတော့ ထွေထွေထူးထူး မရှိပါဘူး ။ ဒီအတိုင်း လုံလုံလောက်လောက် နားဖို့ပဲ လိုတာပါ ။ ”

” သီယာဂိုဟာ အသက် ၃၈နှစ် ရှိပြီ ဖြစ်တာကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မဖြစ်မနေ ဆွေးနွေးရပါတယ် ။ ဒါပေမယ့် သူ ခန္ဓာကိုယ် အကြောင်း သူ့လောက်တော့ ကျွန်တော် မသိပါဘူး ။ သူဟာ ကျွန်တော်တို့ အတွက် အထူး အရေးပါတဲ့ ကစားသမား တဦးပါ ။ ဒါကြောင့် ကျွန်တော်တို့ နည်းလမ်းကျကျ သူ့ကို အသုံးပြုဖို့ လိုပြီး ၊ သူဟာ အသင်းရဲ့ တိုးတက်မှု ဖြစ်စဉ်မှာ ပါဝင်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယနေ့ည အနောက်လန်ဒန်ဒါဘီပွဲဟာ ခက်ခဲဖို့ ရှိပေမယ့် ၊ ပေါ်တာ အတွက် ပွဲထွက်စာရင်း အပြောင်းအလဲ လုပ်ပြီး ၊ ကစားခွင့် နည်းပါးတဲ့ အသင်းသား အချို့ကို နေရာပေးဖို့ အခွင့်အရေးကောင်း တရပ်လည်း ဖြစ်ပါတယ် ။ ဒီရာသီ ရှားရှားပါးပါး ကစားခွင့် တမိနစ်မှ မရသေးတဲ့ ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ဒင်းနစ် ဇာကာရိုင်းယား အဖို့ ဒီပွဲမှာ အသင်းသစ် အတွက် ပထမဆုံး မိနစ်တွေ စရဖို့ မျှော်လင့်နေနိုင်ပါတယ် ။

မနေ့က ထွက်ပေါ်လာတဲ့ ကောလဟလတွေ အရ ဇာကာရိုင်းယား ဟာ ပွဲကစားခွင့် လုံးဝ မရနေတာကြောင့် ရှေ့ရေးနဲ့ ပတ်သက်ပြီး ကလပ် တာဝန်ရှိသူတွေနဲ့ ယခု တပတ် အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ် ။ ဂရေဟမ် ပေါ်တာကတော့ ယင်းဆွစ်ဇာလန်သားရဲ့ အနာဂတ် အကြောင်း အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး ။ ဒင်းနစ်ဟာ လက်ရှိ အစုအဖွဲ့မှာ ပါဝင်နေပြီး ၊ ကောင်းကောင်း လေ့ကျင့်နေပါတယ် ။ အသင်း အတွက် သူ ကူညီပေးဖို့ အသင့်ရှိနေပေမယ့် ၊ သူ့နေရာမှာ ပြိုင်ဆိုင်မှု အရမ်း များနေပါတယ် ။ ”

 

” သူဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပြီး ၊ ပွဲကစားခွင့် အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ် ။ လောလောဆယ်မှာတော့ သူဟာ ဘေးကနေပဲ အသင်းကို ကူညီပေးနိုင်ဖို့ ကြိုးစားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR