လတ်တလော စွမ်းဆောင်ရည်တွေကြောင့် သူ အံ့အားသင့်ရတဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပေါလ်မာဆင်

 

ချဲလ်ဆီး အသင်းဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ပြိုင်ပွဲစုံ ၆ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ၊ နောက်ဆုံး ၅ပွဲဆက် အနိုင်ရထားကာ ၊ ၄ပွဲဆက် ပေးဂိုး မရှိထားပါဘူး ။ ၄င်းရဲ့ လက်အောက်မှာ ချဲလ်ဆီး အသင်းသား အချို့ရဲ့ စွမ်းဆောင်ရည်တွေ သိသိသာသာ တိုးတက်ခဲ့ပါတယ် ။

 

အဲဒီ ကစားသမားတွေထဲမှာ ဒုတိယ ဦးစားပေး အဆင့်ကနေ တက်လာတဲ့ စပိန် ဂိုးသမား ကီပါ အရီဇာဘာလာဂါလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ကီပါဟာ ပေါ်တာ မရောက်လာခင် ကတည်းက အဓိက ပွဲထွက်ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ ဒဏ်ရာ ရခဲ့တာကြောင့် ၊ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲက စပြီး ပွဲထွက်ခွင့် ပြန်ရခဲ့ပါတယ် ။

နောက်ပိုင်းမှာ မန်ဒီ ကြံ့ခိုင်မှု ပြန်ပြည့်လာပေမယ့် ၊ ကီပါ ဆက်တိုက် လက်စွမ်းပြနေတာကြောင့် ပေါ်တာဟာ ယင်းစပိန်သားကိုသာ ဆက်ပြီး ဂိုးပေါက် တာဝန်ယူစေခဲ့ပါတယ် ။ အထူးသဖြင့် ဗီလာနဲ့ ပွဲက Triple Save နဲ့ ဂိုးလိုင်းပေါ်က ကာကွယ်မှုတွေ အပြီးမှာ ကီပါ အဖို့ ပွဲထွက်ခွင့် အတွက် အာမခံချက် ရာနှုန်းပြည့် ရခဲ့ပါတယ် ။

 

ယနေ့ညမှာတော့ ချဲလ်ဆီး ဟာ ဘရန်းဖို့ဒ်နဲ့ အနောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိပြီး ၊ ၄င်းတို့ နိုင်ပွဲဆက် မှတ်တမ်းကို ဆက်ထိန်းနိုင်မလား ၊ ကီပါကရော လက်စွမ်းကောင်း ဆက်ပြပြီး Clean Sheet တွေ ဆက်ထိန်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ မထင်မှတ်ထားလောက်အောင် လက်စွမ်းတွေ ပြန်တက်လာတဲ့ ကီပါ အပေါ် သူ အထူး အံ့အားသင့်မိကြောင်း ဝန်ခံရင်း ၊ ယနေ့ည ကစားမယ့် ဘရန်းဖို့ဒ် – ချဲလ်ဆီး ပွဲအပေါ် ခန့်မှန်းချက် ပေးသွားခဲ့ပါတယ် ။

 

Sportskeeda နဲ့ တွေ့ဆုံခဲ့ရာမှာ ပေါလ်မာဆင် က ” ဗီလာနဲ့ ပွဲမှာ ချဲလ်ဆီး ကံကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကီပါဟာ ကျွန်တော် မြင်ဖူးသမျှတွေထဲမှာ အကောင်းဆုံး လက်စွမ်းမျိုး ပြသသွားခဲ့တာပါ ။ အရိုးသားဆုံး ဝန်ခံရရင် သူ့မှာ ဒီလို လက်စွမ်းမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး ။ ”

 

” အရင်က ကြိမ်ဖန်များစွာ ဝေဖန်မှုတွေ ခံခဲ့ရပြီးတဲ့နောက် အခုလို ပုံစံကောင်းတွေ ပြန်ရလာတဲ့ သူ့အတွက် ကျွန်တော် အမှန်တကယ် ကျေနပ်ဝမ်းသာမိပါတယ် ။ ဒီအပတ် ကြားရက်ပွဲကတော့ ချဲလ်ဆီးကို အခက်တွေ့စေပါလိမ့်မယ် ။ ဗီလာနဲ့ ပွဲက ပုံစံမျိုး ကစားရင် ဘရန်းဖို့ဒ်က သူတို့ကို အပြစ်ပေးသွားမှာပါ ။ ”

” သူတို့ အနေနဲ့ ပရီးမီးယားလိဂ်မှာ ဒီလို အခွင့်အရေးမျိုးတွေ ပြိုင်ဖက်ဆီ ခွင့်ပြုလို့ မရပါဘူး ။ အထူးသဖြင့် ပိုကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးမှာပေါ့ ။ ချဲလ်ဆီးဟာ လောလောဆယ်မှာ ပုံစံကောင်းတွေ ဆက်တိုက် ရနေပြီး ၊ သူတို့ဟာ ကိုယ့်ဆီ ရောက်လာတဲ့ ကံကောင်းခြင်း အခိုက်အတန့်တွေကို ပြည့်ပြည့်ဝဝ အသုံးချထားပါတယ် ။ ”

 

” ဒါပေမယ့် ကီပါရဲ့ လက်စွမ်းနဲ့ ၃မှတ် ရခဲ့တာမျိုး ရှေ့ဆက် ထပ်ဖြစ်လို့ မရတော့ပါဘူး ။ အခုဆို မေဆင်မောင့်က ဂိုးတွေ ပြန်သွင်းနေပါပြီ ။ ဒါက သူ့ကို ထူးကဲတဲ့ ကစားသမား တယောက် ဖြစ်စေပါတယ် ။ ဘရန်းဖို့ဒ်နဲ့ ချဲလ်ဆီး ၂သင်းလုံး အရှိန်ကောင်း ရနေပေမယ့် ၊ သူတို့ရဲ့ ခံစစ်က အနည်းငယ် အားနည်းနေပါတယ် ။ ”

 

” ကျွန်တော်ကတော့ ဒီရာသီ ချဲလ်ဆီးတို့ Top 4 ဝင်လိမ့်မယ်လို့ ထင်ပါတယ် ။ ဒီပွဲကိုလည်း သူတို့ အနိုင်ရသင့်ပါတယ် ။ ဒီတော့ ၃ – ၁ နဲ့ ချဲလ်ဆီး နိုင်မယ်လို့ ခန့်မှန်းချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR