ယူနိုက်တက် ဘယ်အချိန်မှာ ပိုကောင်းလာမလဲဆိုတဲ့မေးခွန်းကို အဖြေပေးခဲ့တဲ့ တန်ဟတ်

 

မန်ချက်စတာ ယူနိုက်တက် ဟာ ခရစ္စတီယာနို နဲ့ အန်တိုနီ မာစီရယ် တို့ ခြေစွမ်း တည်ငြိမ်မှု ရရှိလာပါက ပိုကောင်းတဲ့ အသင်း ဖြစ်လာလိမ့်မယ်လို့ နည်းပြ အဲရစ် တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။

မာစီရယ် ဟာ ယူနိုက်တက် ရဲ့ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲစလုံးမှာ ပွဲထွက် ပါဝင်ခဲ့ ပါတယ် ။ ဒါပေမယ့် အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲမှာ ဒဏ်ရာ ရသွားခဲ့ပြီး ဒီရာသီ ယူနိုက်တက် ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၉ ပွဲအထိ လွဲချော် သွားခဲ့ရပါတယ် ။

ရိုနယ်ဒို ကတော့ နွေရာသီ တလျောက်လုံးမှာ အသင်းပြောင်းမယ်ဆိုတဲ့ သတင်းတွေ နဲ့ အတူ ယူနိုက်တက် နဲ့ လာရောက် မလေ့ကျင့်ခဲ့ ပါဘူး ။ ဒါကြောင့် တန်ဟတ် ဟာ ရိုနယ်ဒို ကို အခု ရာသီမှာ ပွဲထွက် လူစာရင်းမှာ ထည့်သွင်း အသုံးမပြု ခဲ့သလို ရိုနယ်ဒို ရဲ့ ခြေစွမ်းဟာလည်း အကျဘက် ကို ရောက်နေပြီလို့ ဝေဖန်ပြောဆို မှုတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

 

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် ဟာ အဆင့် ၅ နေရာမှာ ရပ်တည် နေပြီး ယူရိုပါလိဂ် မှာလည်း နောက်တဆင့် တက်ဖို့ အတွက် ၁ မှတ် အလို အနေအထားကို ရရှိ ထားပါတယ် ။

ဒီကြားရက်မှာတော့ ယူနိုက်တက် ဟာ တော့တင်ဟမ် ဟော့စပါး နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အမှတ်ပေး ဇယား ရပ်တည်မှု အတွက် အရေးပါတဲ့ ပွဲ ဖြစ်လာခဲ့ ပါတယ် ။

 

“အသင်းမှာ အဆင်မပြေမှုတွေ အများကြီး ရှိနေသေးတာ အသိသာကြီး ပါပဲ ။ ကစားသမား အများအပြားကို ကျွန်တော်တို့ အံဝင်အောင် လုပ်ပေး နေပါတယ် ။ ရာသီစ ကတည်းက ပြဿနာတွေ ရှိနေခဲ့တာပါ ။ ခရစ္စတီယာနို က အသင်းနဲ့ မပူးပေါင်းဘူး ၊ မာစီရယ် က ဒဏ်ရာ ရသွားပါတယ် ။ အခုထိ သူ ပွဲချိန်ပြည့် ကစားဖို့ မကြံ့ခိုင် သေးပါဘူး”

“တကယ်လို့ သူတို့ ၂ ယောက်သာ ပုံမှန် ခြေစွမ်းကို ပြန်ရမယ်ဆိုရင် ယူနိုက်တက် သေချာပေါက် တိုးတက်လာ မယ်လို့ ကျွန်တော် ပြောနိုင် ပါတယ် ။ ကာယပိုင်းရော စိတ်ဓါတ်ပိုင်း မှာရောပေါ့ ။ ကျွန်တော် က အမြဲလိုလို သိပ်ပြီး မကျေနပ်တတ်တဲ့ လူစားမျိုးပါ ။ အခု ဒီကို ရောက်လာတဲ့ အတွက် ပျော်ပါတယ် ၊ ဒါပေမယ့် ကျေနပ် အားရမှု သိပ်မရှိ သေးပါဘူး ။ ကောင်းတယ်ဆိုတာ ကျွန်တော့အတွက် မလုံလောက်ပါဘူး ၊ ပိုကောင်းတာ ကို ရှာဖွေရပါမယ်”

 

“အသင်းမှာ ပိုကောင်းအောင် လုပ်လို့ ရတာတွေ အများကြီး တွေ့ထား ပါတယ် ။ အခုပုံစံ အတိုင်း ဆက်သွားမယ် ဆိုရင် ဘာတွေ တိုးတက်လာ နိုင်မလဲ ဆိုတာလည်း ကျွန်တော် မြင်ထားပါတယ် ။ အခု ဆိုရင်ပဲ ရက်ဖိုဒ့် ဆိုရင် ၁၁ ပွဲမှာ ၅ ဂိုး သွင်းပေးထားတယ် ၊ အန်တိုနီ လည်း လိဂ်ပွဲ ၄ ပွဲမှာ ၃ ဂိုးထိ သွင်းပေးထား ပါတယ် ။ ဆန်ချို ဆိုရင်လည်း ၃ ဂိုး ၊ ရိုနယ်ဒို လည်း ၂ ဂိုး ရထားပါတယ် ။ မာစီရယ် ကိုလည်း မေ့လို့ မရပါဘူး ။ သူလည်း ၃ ဂိုး သွင်းပေး ထားပါတယ်”

“အသင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမား များများ ရှိတာ ကောင်းတဲ့ အရာတခုပါ ။ သူတို့ရဲ့ အရေအတွက် တွေကို ပိုများလာအောင် လုပ်ပေးဖို့တော့ လိုအပ်ပါတယ် ။ ဒါလည်း အချိန် တခုပြီးရင် ဖြစ်လာမှာပါ ။ သိပ်ပြီး ပူပင်မိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး” လို့ တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ပွဲဆက် ပွဲကြပ်များတဲ့ အောက်တိုဘာ ကာလကို ဖြတ်သန်း နေတာ ဖြစ်ပြီး ၅ ပွဲ ကစား အပြီးမှာ ၃ ပွဲနိုင်ကာ ၁ ပွဲသရေ ၁ ပွဲ ရှုံးနိမ့်ထားပါတယ် ။

ယူနိုက်တက် ဟာ စပါး နဲ့ ကစားပြီးပါက ချဲလ်ဆီး ၊ ရှရစ် ၊ ဝက်စ်ဟမ်း အသင်းတွေနဲ့ ဆက်လက် ယှဉ်ပြိုင် ကစားသွားရဦးမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR