မန်ချက်စတာစီးတီးနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ်ကို ပြောပြလိုက်တဲ့ ဖာဒီနန်

 

ရီယိုဖာဒီနန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို အန်ဖီးမှာ ခြေစွမ်းပြ အနိုင်ယူခဲ့တဲ့ လီဗာပူး အသင်းရဲ့ performance အပေါ် ချီးကျူးသွားခဲ့ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းကို ပခုံးယှဉ်နိုင်တဲ့ တစ်ခုတည်းသော အသင်းဟာ ဇယားထိပ်မှာ ရောက်နေတဲ့ အာဆင်နယ်လို့ ယူဆခြင်း မရှိဘဲ ယာဂန်ကလော့ရဲ့ လီဗာပူးသာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့က ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးကို အန်ဖီးမှာ မိုဆာလားရဲ့ ဒုတိယပိုင်း သွင်းဂိုးနဲ့အတူ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲစဉ်မှာ အကောင်းဆုံး team performace နဲ့အတူ အာလင်းဟာလန်း ကယ်ဗင်ဒီဘရိုင်းနား တို့ ဦးဆောင်တဲ့ မန်စီးတီးကို တားဆီးနိ်ုင်ခဲ့တာ ဖြစ်ပြီး တန်ပြန်တိုက်စစ် ကနေ တဆင့် ဒီထက် သွင်းဂိုးတွေတောင် ပိုမို ရခဲ့သင့်ပါတယ်။

ဖာဒီနန်က အဆိုပါ ပွဲစဉ်က လီဗာပူးရဲ့ attitude နဲ့ ပက်သက်ပြီး ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

၎င်းက “ပြီးခဲ့တဲ့ weekend မှာ ကျွန်တော် ဘာတွေ့ခဲ့သလဲဆိုတော့….လီဗာပူး စီးတီး ဆိုတာကို မေ့ပစ်လိုက်ပါ။ ဒါဟာ အရမ်း အရမ်းကို မြင့်မားတဲ့ level နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ လူတွေအားလုံး ‘ဝါး…’ ဆိုပြီး ဖြစ်သွားစေခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီက ဒီနှစ်သင်းရဲ့ မြင့်မားလှတဲ့ level ကို ပြန်လည် တွေ့ခဲ့ရသလို ပါပဲ။ ဒီနှစ်သင်းဟာ နည်းစနစ်ပိုင်းဆိုင်ရာမှာ အကောင်းဆုံး ပုံစံ ရှိကာ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာ မှာလည်း အကောင်းဆုံး အနေအထားမှာ ရှိနေကြပါတယ်။ ပြီးတော့ ဒီနှစ်သင်းဟာ ပွဲကို ထိန်းကစားနေတာမျိုး မရှိပါဘူး။”

အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေပေမယ့်လည်း ဖာဒီနန်က လီဗာပူး ကသာ မန်စီးတီးကို ပခုံးချင်းယှဉ်နိုင်တဲ့ တစ်ခုတည်းသော အသင်း ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဖာဒီနန်က “လီဗာပူးဟာ ဒီ စီးတီး အသင်းကို ပခုံးချင်းယှဉ်နိုင်တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပါတယ်။ ကလော့ဟာ ဒီအသင်းကို ယုံကြည်မှုတွေ များစွာ သွပ်သွင်းနိုင်ခဲ့ပြီး သူဟာ မီနာကို ဖိုဒန်လို ပုံစံကောင်း ရနေတဲ့ ကစားသမားနဲ့ ထိပ်တိုက် ရင်ဆိုင် စေခဲ့ပါတယ်။ နည်းပြရဲ့ ယုံကြည်မှုကို ရခဲ့တဲ့ မီနာဟာ ဒီလိုမျိုး performace ကို ပြသခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး နဲ့ မန်စီးတီး တို့ဟာ ပြီးခဲ့တဲ့ရာသီတွေ အတွင်း အင်္ဂလန် ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ၂ သင်း ဖြစ်ပြီး ပက်ရဲ့ အသင်းဟာ ချန်ပီယံဆုကို ၄ ကြိမ် ရထားခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ကာ ၂ ရာသီ ကတော့ ရမှတ် တစ်မှတ်တည်းနဲ့ ချန်ပီယံ ဖြစ်ခွင့် မရခဲ့တာပါ။ ဒါပေမယ့်လည်း ဒီရာသီမှာ အာဆင်နယ်ဟာ ခြေစွမ်းပြလျက် ရှိနေပြီး ဇယားထိပ်မှာ ၄ မှတ်အသာနဲ့ ရပ်တည်နေကာ အမှတ်ပေးဖလားကို စိန်ခေါ်နေတဲ့ အသင်း ဖြစ်လာပါတယ်။

SM