ပေ့ါဘာ ပြန်လာချိန်မှာ ကန်တီကို ဆုံးရှုံးလိုက်ရတဲ့ ပြင်သစ် ၊ အထုတ်ခံလိုက်ရတဲ့ နည်းပြ ၊ ဆောက်ဂိတ် အတွက် သတင်းကောင်းတို့နဲ့ . . . နံနက်ခင်းအားကစားသတင်းများ

 

 

ယူဗင်တပ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာ ဟာ ဒဏ်ရာခွဲစိတ် ကုသမှု ခံယူရာကနေ ပြန်လည် သက်သာလာပြီး ယမန်နေ့က လေ့ကျင့်မှုတွေ စတင်ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ဒါကြောင့် ပေါ့ဘာ ဟာ ပြင်သစ် နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်နိုင်တော့မှာပါ ။

ဒါပေမယ့် ပေါ့ဘာ နဲ့ ၂၀၁၈ တုန်းက အတွဲညီ ခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ်ခံစစ်သမား အန်ဂိုလို ကန်တီ ကတော့ ဒဏ်ရာကြောင့် ၄ လ အနားယူရတော့မှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ် ။

မန်ယူနိုက်တက် နဲ့ ယူရိုပါလိဂ် မှာ ကစားခဲ့တဲ့ ဆိုက်ပရပ်စ် ကလပ် အိုမိုးနီးယား ဟာ နည်းပြ နီးလ် လန်နွန် ကို ထုတ်ပယ် လိုက်ပြီလို့ သိရပါတယ် ။ အိုမိုးနီးယား ဟာ လက်ရှိ ပြည်တွင်းလိဂ်မှာ အဆင့် ၇ ထိရောက်နေသလို ယူရိုပါလိဂ် မှာလည်း အုပ်စုတတိယ ရရှိထားပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ဟာ လာမယ့် နွေရာသီမှာ ဘရိုက်တန် ရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ လီယန်ဒရို ထရိုဆတ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ထရန့် အလက်ဇန်းဒါး အာနိုး ၊ ရစ်ဆီဂျိမ်းစ် တို့ ဒဏ်ရာ ရရှိမှုကြောင့် စိတ်ပျက်နေရတဲ့ အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ် အတွက်တော့ မန်စီးတီး နောက်ခံလူ ကိုင်လ် ဝေါ်ကာ ရဲ့ သတင်းဟာ စိတ်သက်သာရာ ရစေနိုင်မှာပါ ။

ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူ ထားတဲ့ စီးတီး နောက်ခံလူ ဟာ ကမ္ဘာ့ဖလား အမီ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကစား နိုင်ဖို့ အလားအလာ ရှိနေပြီး ဝေါ်ကာ ကိုယ်တိုင် ကလည်း ယုံကြည်မှု အပြည့် ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး မှာ ကစားခဲ့ဖူးတဲ့ ဂျွန် ဖလာနာဂန် ဟာ အသက် ၂၉ နှစ် အရွယ် မှာပဲ ဒဏ်ရာတွေ ရဲ့ ဖိစီး နှိပ်စက်မှုကြောင့် ဘောလုံး ကစားခြင်းကနေ အနားယူပြီ ဖြစ်ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

 

လီဗာပူး နည်းပြကြီး ယာဂင် ကလော့ နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၁၁ တုန်းက ဒိုင်လူကြီး အပေါ် အပြင်းအထန် စောဒက တက်မှု ၊ မလျော်ကန်တဲ့ ထိတွေ့မှုတွေကြောင့် FA ရဲ့ စွဲချက်တင်မှု ကို ခံခဲ့ရပြီး ဒဏ်ငွေ အသီးသီးချမှတ် ခံရနိုင်ချေ ရှိနေပါတယ် ။

၂၀၂၁ ခုနှစ် အတွင်း ကစားခဲ့တဲ့ FA Cup ပွဲမှာ အဝါကတ် အထိ ခံပြီး လုပ်ပွဲ ကစားခဲ့တယ်လို့ တွေ့ရှိ ခဲ့ရတဲ့ ရီးဒင်း နောက်ခံလူဟောင်း ကိုင်နန် အိုင်ဆက် ကို FA က ဘောလုံး ကစားခြင်း ကနေ ၁၀ နှစ် အထိ ပွဲပယ် လိုက်တယ်လို့ သိရှိရပါတယ် ။

 

မကြာခင်မှာ နစီယွန်နယ် ကနေ ထွက်ခွာတော့မှာ ဖြစ်တဲ့ ယူရဂွိုင်း တိုက်စစ်မှူးကြီး ဆွာရက် ဟာ အသင်းဟောင်းနဲ့ အတူ အမှတ်ပေး ဖလား ကို ရယူပေးသွားခဲ့ ပါတယ် ။ ဒါဟာ ဆွာရက် အတွက် အခု ၂၀ မြောက် ချန်ပီယံဆုလည်း ဖြစ်စေခဲ့ ပါတယ် ။

အေစီမီလန် ကတော့ တိုက်စစ်မှူး ရာဖေး လီယို ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ အတွက် အေးဂျင့် နဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး နေတယ်လို့ သိရပါတယ် ။ ၂၀၂၄ မှာ သက်တမ်း ကုန်မယ့် ပေါ်တူဂီသား ရဲ့ စာချုပ်သစ် ဟာ လာမယ့် အပတ်ထဲမှာ ထူးခြားနိုင်တယ်လို့လည်း သတင်း ထွက်ပေါ် နေပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ဝုဗ် အသင်းကို ၂-၁ နဲ့ အနိုင် ကစားခဲ့ပြီး ဘရိုက်တန် ကတော့ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ ပါတယ် ။

လာလီဂါ မှာတော့ အက်သလက်တီကို မက်ဒရစ် နဲ့ ဗယ်လက်ကာနို တို့ ၁ ဂိုးစီ သရေကျခဲ့ပြီး ဗယ်လက်ကာနို ဘက်က တိုက်စစ်မှူးကြီး ဖယ်ကာအို ဟာ ၉၀+၂ မိနစ် အရောက်မှာ ချေပဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR