ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ အရည်အသွေး အပေါ် မေးခွန်းထုတ်ကြခြင်း အပေါ် သူ အံ့အားသင့်ရကြောင်း ဖွင့်ဟလာတဲ့ ဂရေဟမ် ပေါ်တာ

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ရာသီ နည်းပြ အပြောင်းအလဲ မဖြစ်ခင်က ရလဒ်ပိုင်း မဆိုးပေမယ့် ၊ ကစားပုံ အရတော့ လုံးဝ ကျေနပ် အားရစရာ မကောင်းခဲ့ပါဘူး ။ နည်းပြဟောင်း သောမတ်စ် တူချယ်ရဲ့ နေရာကို ဂရေဟမ် ပေါ်တာနဲ့ အစားထိုးအပြီးမှာတော့ ခြင်္သေ့့့ပြာတို့ရဲ့ စွမ်းဆောင်ရည် သိသိသာသာကို တိုးတက်လာပါတယ် ။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက် အနိုင် ၊ ၄ပွဲဆက် Clean Sheet ၊ စွဲမက်စရာကောင်းတဲ့ ကစားပုံတွေနဲ့ ချဲလ်ဆီးတို့ အမြင့်ပျံသန်းနေပါတယ် ။ ပေါ်တာလက်ထက် အသင်းလိုက် ကစားပုံ ကောင်းလာရုံတင်မက ၊ တူချယ် လက်ထက်က form out ခဲ့တဲ့ ကစားသမား အချို့ တဦးချင်း စွမ်းဆောင်ရည် ပြန်တက်လာပါတယ် ။

အခု နောက်ဆုံး ခြေစွမ်း ပြန်ကောင်းလာတဲ့ ချဲလ်ဆီး ကစားသမားကတော့ ပြီးခဲ့တဲ့ ၂နှစ်ဆက် ကလပ် တရာသီ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ ကွင်းလယ်လူ မေဆင်မောင့် ဖြစ်ပါတယ် ။ မောင့် ဟာ ပြီးခဲ့အပတ် ဆန်စီရိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ သွင်းဂိုး ၂ဂိုးလုံးနဲ့ တိုက်ရိုက် ပတ်သက်ခဲ့သလို ၊ တနင်္ဂနွေနေ့က ဗီလာပါ့ခ်မှာလည်း အဆုံးအဖြတ် ဂိုး၂ဂိုးလုံးကို သွင်းယူခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂရေဟမ် ပေါ်တာ က မေဆင်မောင့်နဲ့ အတူ အလုပ်လုပ်ရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟရင်း ၊ ၄င်းကို ဒ်ီမတိုင်ခင် မေးခွန်းထုတ်ခဲ့ကြခြင်း အပေါ် အံ့အားသင့်မိကြောင်း အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

ပေါ်တာ က ” သူနဲ့ အတူ အလုပ်လုပ်ရတာ ဝမ်းမြောက်စရာပါ ။ သူဟာ အံ့သြဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပြီး ၊ ဒီကလပ်ကို ချစ်မြတ်နိုးပါတယ် ။ ဒါပေမယ့် ကျွန်တော် အံ့အားသင့်မိတာ တခု ရှိပါတယ် ။ အဲဒါက မေဆင်နဲ့ ပတ်သက်ပြီး ကွဲလွဲတဲ့ ထင်မြင်ချက်တွေ အကြောင်း မေးခွန်းထုတ်တာပါ ။ ”

” ဒါက ထူးဆန်းတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အထူးသဖြင့် အပြင်ကလူတွေဆီက မေးခွန်းထုတ်တာတွေပေါ့ ။ တကယ်တမ်း သူနဲ့ အတူ အလုပ်လုပ်တဲ့အခါမှာ သူ့မှာ ထိပ်တန်း ကစားသမား တယောက် ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတိုင်း ရှိနေတာကို သိလာရပါတယ် ။ သူဟာ ခံယူချက် မြင့်မားပြီး ၊ နေရာလွတ်တွေ ရှာဖွေပေးနိုင်တဲ့ ၊ ဂိုးသွင်း ၊ ဂိုးဖန်တီးပေးနိုင်တဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မေဆင်မောင့် နည်းတူ စွမ်းဆောင်ရည် တိုးတက်လာတဲ့ နောက်ထပ် ချဲလ်ဆီး စတား တဦးကတော့ ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ဂိုးသမား ကီပါ အရီဇာဘာလာဂါပဲ ဖြစ်ပါတယ် ။ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက်မှာ ၄င်းဟာ အမြင့်မားဆုံး လက်စွမ်းတွေ ရရှိနေပြီလို့ လတ်တလော ကစားခဲ့တဲ့ ပွဲတွေ အရ ကောက်ချက်ချရမှာ ဖြစ်ပါတယ် ။

ပေါ်တာ က ပထမ ဂိုးသမား ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ” ကျွန်တော်ကတော့ ပွဲထွက် ကစားသမား ရွေးချယ်တဲ့ နေရာမှာ ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ပဲ အမြဲ ဆုံးဖြတ်ပါတယ် ။ ကီပါဟာ လတ်တလော စွမ်းဆောင်ရည် အရမ်း ကောင်းနေပါတယ် ။ အက်ဒူနဲ့ ဘက်စ် ( ဘက်တင်နယ်လီ ) လည်း သူ့ကို ပံ့ပိုးမှု အပြည့်အဝ ပေးနေပါတယ် ။ သူတို့ဟာ တဦးနဲ့ တဦး အကြား မျှမျှတတ ပြိုင်ဆိုင်နေကြတာပါ ။ ”

” ဒါပေမယ့် ကီပါရဲ့ လတ်တလော ပုံစံကောင်းတွေက လူတိုင်းကို ကျေနပ်မှု ပေးနေပါတယ် ။ အထူးသဖြင့် သူကိုယ်တိုင် အတွက်ပေါ့ ။ ဒီတော့ အခုလို ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်မှု ရှိနေတာ ကောင်းပါတယ် ။ ဒါမျိုးကို ကျွန်တော်တို့ အသင်းမှာ အလိုရှိတာပါ ။ ဒီပုံစံနဲ့သာ ကစားသမားတွေ ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR