“ကိုပါဆုပဲ တားလို့ရမယ် ၊ ရွှေဘောလုံးတော့တားလို့မရဘူး” – အသင်းဖော် မူစီယာလာ ဘက်ကနေ ရပ်တည်ထောက်ခံလိုက်တဲ့ ဘိုင်ယန်စတား ဒေဗီးစ်

 

ဘိုင်ယန်မြုးနစ် အသင်းရဲ့ နောက်ခံလူ အယ်လ်ဖွန်ဆို ဒေဗီးစ် ဟာ အသင်းဖော် မူစီယာလာ ၂၀၂၂ ကိုပါ ဆု နဲ့ လွဲချော်ခဲ့မှု အပေါ် အားပေး စကားပြောဆို သွားခဲ့ ပါတယ် ။

မူစီယာလာ ဟာ အသက် ၂၁ နှစ်အောက် ဘောလုံးစတားလေးတွေ ထဲကမှ တနှစ်တာ အကောင်းဆုံး အဖြစ် သတ်မှတ် ရွေးချယ် ပေးအပ်တဲ့ Kopa Trophy ကို ရဖို့ ရေပန်းစားသူ တယောက် ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ ရဲ့ ၁၈ နှစ် အရွယ် ကစားသမားလေး ဂါဗီ က အဆိုပါ ဆု ကို ရရှိ သွားခဲ့ပြီး ရွှေဘောလုံး ဆုပေးပွဲလာ ပရိသတ်တွေ နဲ့ တကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေကို အံ့အားသင့် စေခဲ့ ပါတယ် ။

ဂါဗီ ဟာ ပြီးခဲ့တဲ့ ရာသီက စပိန် နဲ့ ဘာစီလိုနာ မှာ အားထားရသူ တယောက် ဖြစ်ခဲ့ပေမယ့် ၁၈ နှစ်သားလေးထက် ပိုပြီး သင့်တော်တဲ့ ကစားသမားတွေ ရှိတယ်လို့ ထောက်ပြမှုတွေ ထွက်လာခဲ့ ပါတယ် ။

 

အများစုက မူစီယာလာ ၊ ဂျုဒ်ဘယ်လင်ဂမ် တို့ဟာ ဂါဗီ ထက် ပိုပြီး ဒီဆုကို ရသင့်တယ်လို့ ပြောခဲ့ကြပါတယ် ။ အယ်လ်ဖွန်ဆို ဒေဗီးစ် ကတော့ ဂါဗီ ဆု ရမှုနဲ့ ပတ်သက်ပြီး ဝေဖန်တာမျိုး မရှိခဲ့ ပေမယ့် အသင်းဖော် မူစီယာလာ ကိုတော့ အားပေး စကားပြောဆို သွားခဲ့ ပါတယ် ။

“သူတို့ မင်းရဲ့ ကိုပါဆု ကို ငြင်းချင် ငြင်းလို့ရမယ် ၊ ဒါပေမယ့် မင်း ( အနာဂါတ်မှာ ရမယ့် ) ရွှေဘောလုံးဆု ရမှာကိုတော့ သူတို့ မငြင်းနိုင် ပါဘူး” လို့ ကနေဒါ နောက်ခံလူက သူ့ရဲ့ တွစ်တာကနေ ရေးသား အားပေး သွားခဲ့ပါတယ် ။

ဘိုင်ယန်မြုးနစ် နည်းပြကြီး နာဂျယ်စမန်း ကလည်း ဂါဗီ ဟာ စွမ်းဆောင်မှုကောင်းတွေ ရှိခဲ့ပေမယ့် မူစီယာလာ နဲ့ ဘယ်လင်ဂမ် တို့က ပိုပြီး ဖြစ်သင့်တယ်လို့ ပြောဆိုခဲ့ ပါတယ် ။

မူစီယာလာ ဟာ ချဲလ်ဆီး အကယ်ဒမီ ကနေ ဘိုင်ယန်လူငယ် စီမံကိန်းထံ ရောက်ရှိ လာသူ ဖြစ်ပြီး ၂၀၂၀ မှာ အသင်းကြီး အတွက် စတင် ပွဲထွက်ခွင့် ရခဲ့သူ ဖြစ်ပါတယ် ။ ဘိုင်ယန် စီနီယာ အသင်းရဲ့ အသက်အငယ်ဆုံး ပွဲထွက်သူ ဖြစ်လာခဲ့တဲ့ မူစီယာလာ ဟာ နည်းပြ နာဂျယ်စမန်း လက်အောက်မှာ ၉၂ ပွဲအထိ ပါဝင် ကစားထားပြီး ၂၂ ဂိုးသွင်းကာ ၁၅ ဂိုး ဖန်တီးပေးထား နိုင်ခဲ့ ပါတယ် ။

၂၀၂၁-၂၂ ဘောလုံး ရာသီဟာ မူစီယာလာ ကို ဘောလုံး ရပ်ဝန်းက သတိပြုမိတဲ့ ရာသီ ဖြစ်ခဲ့ ပါတယ် ။ အဆိုပါ ရာသီမှာ ဂျာမန်သားလေး ဟာ ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားခဲ့ပြီး ၈ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့ ပါတယ် ။

ဘာဆာ အကယ်ဒမီထွက် ဖြစ်တဲ့ ဂါဗီ ဟာလည်း ၂၀၂၁ မှာ ဘာစီလိုနာ အသင်းကြီးနဲ့ စတင် ကစားခဲ့ပြီး မနှစ်က ရာသီမှာ ၄၇ ပွဲ ကစားခဲ့ရပါတယ် ။ အဆိုပါ ၄၇ ပွဲမှာ စပိန်ကြယ်ပွင့်လေးဟာ ၂ ဂိုးသွင်းကာ ၆ ဂိုး ဖန်တီးမှု ပြုလုပ် သွားနိုင်ခဲ့ ပါတယ် ။

သူတို့ ၂ ယောက်စလုံးဟာ လာမယ့် ကမ္ဘာ့ဖလား မှာ စပိန် နဲ့ ဂျာမနီ အသင်းတွေ နဲ့ အတူ ပါဝင်ခွင့် ရရှိ ကြဦးမှာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆု အတွက်လည်း ထပ်မံ ယှဉ်ပြိုင်ရ နိုင်ချေ ရှိနေဦးမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR