ဟာလန်း သူ့ကို လိမ်ညာပြောဆိုခဲ့တယ်လို့ ထုတ်ဖော်သွားခဲ့တဲ့ ဂျိမ်းမီနာ

 

ဂျိမ်းမီနာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးတို့ မန်စီးတီးကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်း အတွက် အကောင်းဆုံး ကစားပေးခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လီဗာပူး ဒုတိယ အသင်းခေါင်းဆောင်က ဒါဟာ ယုံကြည်မှုကို တိုးပွားစေတဲ့ နိုင်ပွဲ ဖြစ်တယ်လို့ ဆိုလိ်ုက်ပါတယ်။

အန်ဖီးမှာ ကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ လူတော်တော်များများက ညာနောက်ခံလူ အဖြစ် ကစားသွားမယ့် မီနာ အနေနဲ့ ပုံစံကောင်း ပြသနေတဲ့ ဖိုဒန်ရဲ့ ချေမှုန်းခြင်းကို ခံရလိမ့်မယ် ဆိုပြီး စိုးရိမ်မှုတွေ ရှိနေခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မီနာဟာ ဖိုဒန်ကို အကောင်းဆုံး ထိန်းချုပ် ကစားကာ လီဗာပူးကို clean sheet ရအောင် ကူညီပေးခဲ့ပြီး ဒါဟာ လီဗာပူးရဲ့ ဒီရာသီ တတိယမြောက် နိုင်ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲစဉ် မတိုင်မီ လူအများစုက ဗန်ဒိုက် vs ဟာလန်း battle အပေါ် မှတ်ချက်တွေ အများအပြား လုပ်ခဲ့ကြပေမယ့်လည်း နော်ဝေးစတားဟာ မီနာကို ပိုပြီး စိတ်၀င်စားခဲ့တဲ့ ပုံစံပါပဲ။

 

မီနာဟာ လိဒ်အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး အဆိုပါ အချိန်က ဟာလန်းရဲ့ ဖခင်ဖြစ်သူ Alf-inge Haaland ဟာ လိဒ်စီနီယာ အသင်းအတွက် ကစားနေချိန် ဖြစ်ပါတယ်။ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး ယန်အာဖီယောတော့က ဟာလန်းဟာ ‘လိဒ် လိဒ် လိဒ်’ ဆိုတာကို ထပ်ပြောသေးသလားလို့ မေးမြန်းခဲ့ရာမှာ မီနာက သူတို့ နှစ်ဦး စကား အနည်းငယ် ပြောဖြစ်ခဲ့ကြတယ်လို့ Viaplay မှာ ပြောသွားခဲ့ပါတယ်။

မီနာက “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ ရက်ဘူးဆဲဘတ် အသင်းနဲ့ ချန်ပီယံလိဂ်မှာ ကစားခဲ့တဲ့ အချိန်တုန်းက ဟာလန်းက သူဟာ လိဒ်ကို ပြောင်းရွေ့တော့မယ် ဆိုပြီး ပြောခဲ့တယ် ဆိုတာကို ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်။ သူ လိမ်နေတယ် ဆိုတာ အသိသာကြီးပါ။ ဒါဟာ စိတ်ပျက်စရာ ပါပဲ။ ကျွန်တော်တို့ ဒီနေ့ ပွဲမတိုင်မီ မှာလည်း စကား အနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

အန်ဖီးမှာ အကောင်းဆုံး ကစားပြသွားခဲ့တာကြောင့် မီနာဟာ လူတော်တော်များများရဲ့ ချီးကျူးမှုတွေ ခံနေရပြီး အသင်းဖော်တွေဟာ အသင်းအတွက် ရင်းပြီး ကစားခဲ့ကြတာကြောင့် ဒီလို အသင်းလိုက် စွမ်းဆောင်ရည်ကောင်း ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

မီနာက “ဝေဖန်မှုတွေဟာ ကျွန်တော်တို့ အတွက် တွန်းအားပါပဲ။ အပြင်ဘက်မှာ ပြောဆိုမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကတော့ ဆက်လက် တိုးတက်အောင် ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ ဒီရာသီ ထင်သလောက် မကစားထားနိုင်ခဲ့ဘူး ဆိုတာ သိပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာ ပြသနာတွေကြောင့် အပြောင်းအလဲတွေ လုပ်ခဲ့ရကာ ရစ်သမ်ကောင်းကို မရ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကတော့ အကောင်းဆုံး ပုံစံ ပြန်ရအောင် ကြိုးစားသွားမှာ ဖြစ်တဲ့ အပြင် ပြသနာတွေကို လေ့ကျင့်ရေးကွင်းမှာ ပြင်ဆင်ကာ ပွဲတိုင်းမှာ အစွမ်းကုန် ကစားသွားမှာပါ။ ဒီအသင်းဟာ ဒါမျိုးကိုပဲ အမြဲ လုပ်လေ့ရှိပါတယ်။ မန်စီးတီးနဲ့ ပွဲမှာ ဒီလို ကစားပုံကို ပြသပြီး အနိုင်ရခဲ့တာဟာ ယုံကြည်မှုကို များစွာ တိုးတက်စေမှာပါ။”

SM