မန်စီးတီးနဲ့ပွဲစဉ်မှာ ထမ်းစင်နဲ့ သယ်ထုတ်ခဲ့ရတဲ့ ဂျိုတာရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

 

ဒီယိုဂိုဂျိုတာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် ကာလရှည်အနားယူသွားရမှာ ဖြစ်ပြီး လာမည့် ကမ္ဘာ့ဖလားမှာ ပေါ်တူဂီနဲ့ အတူ ပါ၀င်နိုင်တော့မှာ မဟုတ်ပါဘူး။

လီဗာပူး တိုက်စစ်မှုးဟာ အန်ဖီးမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်သွားခဲ့ကြတာ ဖြစ်ပြီး လာမ့် နို၀င်ဘာလရဲ့ international break မတိုင်မီ လီဗာပူးရဲ့ ပွဲစဉ် ၈ ပွဲအပြင် ကာတာ ကမ္ဘာ့ဖလားနဲ့လည်း လွဲချော်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျိုတာ အနေနဲ့ ဒီဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူရန်တော့ မလိုအပ်ပါဘူး။

၀က်ဟမ်းနဲ့ သတင်းစာ ရှင်းလင်းပွဲမတိုင်မီ ယာဂန်ကလော့က “ဒီယိုဂိုနဲ့ ပက်သက်ပြီး လုံး၀ သတင်းကောင်း မရှိပါဘူး။ အမှန်ပါပဲ။ သူ ကမ္ဘာ့ဖလားနဲ့ လွဲချော်တော့မှာပါ။ ဒါဟာ ပြင်းထန်တဲ့ ခြေသလုံး ကြွက်သားဒဏ်ရာ ဖြစ်ပြီး အခုဆိုရင် recovery process က စတင်တော့မှာပါ။

ဒါဟာ ပထမဦးဆုံး diagnosis ဖြစ်ပါတယ်။ ကျန်တာအားလုံးကိုတော့ နောက်နေ့တွေမှာ ဆက်လုပ်သွားမှာပါ။ ဒါဟာ ကောင်လေး အတွက် တကယ့်ကို ၀မ်းနည်းစရာ သတင်းပါ။ ကျွန်တော်တို့ နဲ့ ပေါ်တူဂီ အတွက်လည်း ဒီအတိုင်းပါပဲ။”

ဂျိုတာ ဘယ်လောက် အနားယူသွားရမလဲ ဆိုတဲ့ အပေါ် ကလော့က “ဒီဒဏ်ရာဟာ ကြီးမားတဲ့ သက်ရောက်မှု ရှိစေမှာပါ။ ကာလရှည် အနားယူသွားရမှာ မဟုတ်ပေမယ့်လည်း လပိုင်းတော့ နားရမှာပါ။ ဒါ့ကြောင့် စောင့်ကြည့်သွားရမှာပါ။ ကျွန်တော့် အနေနဲ့ သူ့အတွက် timeframe မသတ်မှတ်ချင်ပါဘူး။

ဘာလို့လဲဆိုတော့ rehab လုပ်နေတဲ့ ကာလအတွင်း အရမ်းကို အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိတက်လို့ပါ။ rehap ကာလအတွင်း နားရမယ့် ရက်တွေ လျော့နိုင်မယ့် အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် သူ အကြာကြီးတော့ နားရမှာပါ။”

ဒါဟာ ၂၀၂၂-၂၃ ရာသီအတွင်းမှာ ဂျိုတာ ရရှိခဲ့တဲ့ ဒုတိယမြောက် ဒဏ်ရာ ဖြစ်ပြီး လီဗာပူး နံပါတ် ၂၀ ဟာ ဒီရာသီ အစောပိုင်း ရက်သတ္တပတ်တွေမှာ ဒူးကောက်ကြော ဒဏ်ရာကြောင့် နားနေခဲ့ရပါသေးတယ်။

ဂျိုတာရဲ့ တုန့်ပြန်မှု အပေါ် မေးမြန်းရာမှာ ကလော့က “ဒါဟာ ဒီယိုဂိုပါ။ သူ့ဘက်ကတော့ လုံး၀ အိုကေနေပါတယ်။ သူဟာ တကယ့်ကို Smart ဖြစ်တဲ့ ကောင်လေး ဖြစ်ပြီး တအား အတွေးအခေါ် ကောင်းပါတယ်။ ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်ရတဲ့ အချိန်ကတည်းက သူသိနေမှာပါ။

ပွဲအပြီး ကျွန်တော် ကွင်းထဲကို ပြန်လာချိန်မှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ သူရှင်းပြခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ပြင်းထန်တဲ့ ဒဏ်ရာဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ကမ္ဘာ့ဖလား အိမ်မက်ကို အတော်လေး သက်ရောက်သွားစေခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

SM