ဘာလွန်းဒီအော် ဆု လက်ခံရရှိအပြီး စင်မြင့်ထက်က ဘန်ဇီးမား ရဲ့ ပြောစကားများ

 

ရီးယဲလ်မက်ဒရစ် အသင်း ရဲ့တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ ၂၀၂၂ ခုနှစ်ရဲ့အမျိုးသား ဘာလွန်းဒီအော်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိ သွားခဲ့ပါတယ် ။ အမျိုးသမီး ဘာလွန်းဒီအော်ဆုကိုတော့ ဘာစီလိုနာ ကွင်းလယ်လူ ပူတဲလက်စ် က ရရှိ သွားခဲ့ပါတယ် ။

 

ဘန်ဇီးမား ဟာ မနှစ်က ရီးယဲလ်မက်ဒရစ် အသင်း ချန်ပီယံလိဂ် ဖလား နဲ့ လာလီဂါ ရရှိရာမှာ အဓိကကျခဲ့သူ တစ်ဦး ဖြစ်ပြီး ဇီဒန်း နောက်ပိုင်း ဘာလွန်းဒီအော်ဆု ရရှိတဲ့ ပထမဆုံး ပြင်သစ် ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။ ပြင်သစ် ကစားသမားထဲမှာတော့ ဘာလွန်းဒီအော် ဆုကို ရရှိတဲ့ ငါးယောက်မြောက် ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

ဘန်ဇီးမား က ဘာလွန်းဒီအော်ဆုကို လက်ခံ ရယူအပြီးမှာ ” ဒီဆုရှေ့မှာ မတ်တပ်ရပ်ခွင့် ရတဲ့အတွက် သိပ်ကို ဂုဏ်ယူ မိပါတယ် ။ ကျွန်တော် ကလေး ဘဝကတည်းက မက်ခဲ့ရတဲ့ အိပ်မက်ပါပဲ ၊ ဒီဆုကို ရအောင် ယူနိုင်ရမယ်ဆိုတဲ့ စိတ်ဓတ်မျိုး ထားထားခဲ့တာပါ ၊ ကျွန်တော့် ဘဝမှာ စံပြ ပုဂ္ဂိုလ် နှစ်ဦး ရှိပါတယ် ၊ ဇီဇူး နဲ့ ရိုနယ်ဒိုပါ ။ ”

” ကျွန်တော် ဘယ်တော့မှ အရှုံး မပေးခဲ့ပါဘူး ၊ ဘောလုံးမှာက ဘာမဆို ဖြစ်နိုင်ချေ ရှိတယ် စိတ်မျိုး ထားပြီး ကြိုးစား ခဲ့တာပါ ။ ဒီဆုကို ရတဲ့အတွက် ကျွန်တော့် ကလပ် အသင်းဖော်တွေရော နိုင်ငံအသင်းဖော်တွေရော အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ​ကျွန်တော့်ကို မိသားစု သဖွယ် သဘောထား ဆက်ဆံတဲ့ ဥက္ကဌ ကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ။ ”

 

” နောက်ပြီး ကျေးဇူးတင်ရမယ့် အထဲမှာ လိုင်ယွန် အကယ်ဒမီ နှင့် ဥက္ကဌ အူးလပ်စ် လည်း ပါပါတယ် ၊ သူ့ကြောင့် ရီးယဲလ်မက်ဒရစ် မှာ ကစားချင်တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပါ ၊ အခု အချိန် ရိုနယ်ဒို ဒီမှာ ရှိနေတဲ့ အတွက်လည်း သိပ်ကို ဝမ်းသာ ပျော်ရွှင်ရပါတယ် ၊ ကျွန်တော် သူ့လို သိပ်ဖြစ်ချင်ခဲ့တာပါ ။ ”

” ပြင်သစ် လက်ရွေးစင် အသင်းမှာ အရွေးမခံရတော့ချိန်တွေက ကျွန်တော့် ဘဝရဲ့ ခက်ခဲတဲ့ နှစ်ကာလ အပိုင်း အခြားတွေပါပဲ ။ ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး ၊ ဆက်ပြီး အလုပ် ကြိုးစား ခဲ့ပါတယ် ၊ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားဖို့ပဲ ခေါင်းထဲ ထည့်ထား ခဲ့ပါတယ် ၊ ဒီနေရာ ကို ရောက်လာဖို့ရာ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းအတွက် အရမ်းပဲ ဂုဏ်ယူ မိပါတယ် ။ ကျွန်တော့် အတွက်ရော မိသားစုအတွက်ရော ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ် ။ ”

” ကျွန်တော့်အတွက်ကတော့ အသက်အရွယ်ဆိုတာက ကိန်းဂဏန်းမျှသာပါပဲ ။ အခုအချိန်မှာ ကစားသမားတွေက အသက်ကြီးတဲ့ အထိ ကစားလာကြတာ များလာပါပြီ ၊ ကျွန်တော်လည်း အသက်ကြီးပေမယ့် ကစားချင်တဲ့စိတ် အောင်ပွဲ ဆာလောင်စိတ်တွေ ပြင်းပြ နေတုန်းပါပဲ ။ ”

” အဲ့ဒီစိတ်တွေကပဲ ကျွန်တော့်ကို ဆက်လက် ကြိုးစား နေဖို့ စိတ်ဓတ် မကျသွားဖို့ တွန်းအားပေးနေတာပါ ။ ဒါကပဲ ကျွန်တော့်ရဲ့ အိပ်မက်တွေကို ဆက်လက် ရှင်သန်စေခဲ့တာ ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင်လည်း ကစားရတဲ့ အချိန် အစွမ်းကုန် ပေးဆပ် ကစားမယ် ဆိုတဲ့ စိတ်မျိုး ထားပြီး ကစားခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM