ဘာပေ အပေါ်မှတ်ချက်ပြုရင်း သူ့အသင်းက စတားလေးဟာ အနာဂါတ်ရွှေဘောလုံးဆုရှင် ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်သွားတဲ့ ရီးရဲဥက္ကဌကြီး ပီရက်ဇ်

ရီးရဲမက်ဒရစ် အသင်းရဲ့ ဥက္ကဌကြီး ဖလော်ရန်တို ပီရက်ဇ် က သူဟာ PSG တိုက်စစ်မှူးလေး ခီလီယမ် အမ်ဘာပေ ရဲ့ သတင်းတွေ အပေါ် အာရုံစိုက် စိတ်ဝင်စားမှု မရှိဘူးလို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ဘာပေ ဟာ ပြီးခဲ့တဲ့ နွေရာသီ မတိုင်ခင် မှာ ရီးရဲမက်ဒရစ် ကို ပြောင်းမယ်လို့ သတင်းကြီးခဲ့ ပါတယ် ။

ဒါပေမယ့် ဆုံးဖြတ်ချက် ကို ပြန်ပြောင်းခဲ့ပြီး ပြင်သစ် ကလပ် နဲ့ ၂၀၂၅ ခုနှစ် အထိ သက်တမ်းတိုး သွားခဲ့ ပါတယ် ။

ဘာပေ ဟာ အခု ရာသီမှာတော့ PSG နဲ့ ကစားရတာကို မပျော်မရွှင် ဖြစ်လာခဲ့ပြီး ကလပ် အသင်း ပိုင်ရှင်တွေ က သူ့ကို သစ္စာဖောက် နေတယ်လို့ ခံစား လာရတဲ့ အတွက် အသင်းပြောင်းဖို့ စိတ်ကူး လာတယ်လို့ သတင်း ထွက်လာခဲ့ ပြန်ပါတယ် ။

ဘာပေ ဟာ လုပ်ခ အလွန်မြင့်မားတဲ့ ဘောလုံးသမား ဖြစ်တာကြောင့် ကလပ် အသင်း အနည်းငယ်သာ ပြင်သစ်တိုက်စစ်မှူးလေးကို ခေါ်ယူနိုင်ချေ ရှိပါတယ် ။

ရီးရဲမက်ဒရစ် ကတော့ အဲ့ဒိ အထဲက တသင်းပါ ။ ဒါပေမယ့် ပီရက်ဇ် ကတော့ သူဟာ အမ်ဘာပေ ရဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိပါဘူးလို့ မနေ့က ပြုလုပ် ခဲ့တဲ့ ရွှေဘောလုံး ဆုပေးပွဲ ကို တက်ရောက်လာချိန်မှာ ထုတ်ဖော် ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။

“ဘာပေ ရဲ့ ကောလဟာလ တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မခံစား ရပါဘူး ။ ဘာလို့လည်း ဆိုတော့ အဲ့ဒိ အကြောင်းတွေကို ကျွန်တော် စိတ်မဝင်စား လို့ပါပဲ ။ ဖတ်တောင် မဖတ်ကြည့် ခဲ့ပါဘူး” လို့ ပီရက်ဇ် က ပြတ်ပြတ်သားသား ပြောဆို သွားခဲ့ ပါတယ် ။

ပီရက်ဇ် ဟာ မနေ့ညက ပွဲမှာ သူ့ရဲ့ ု တိုက်စစ်မှူး ( ရီးရဲမက်ဒရစ် ) ဘန်ဇီးမား ရွှေဘောလုံးဆု ရရှိမှု ကို လာရောက် ချီးမြှောက် လက်ခုပ်တီးပေး ခဲ့တာ ဖြစ်ပြီး လက်ရှိ အသင်းရဲ့ အနေအထား အပေါ်လည်း အားရမှု ရှိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဗီနီ နဲ့ ရိုဒရီဂို တို့ မှာ တောက်ပတဲ့ အနာဂါတ်တွေ ရှိပါတယ် ။ ကျွန်တော်တို့ ကလည်း သူတို့ကို ယုံကြည် ပါတယ် ။ သူတို့ ဟာ ရွှေဘောလုံးဆု ကို ရနိုင်ကြတဲ့ လူငယ်လေးတွေပါ” လို့ ပီရက်ဇ် က အသင်းရဲ လူငယ် စတားလေး ၂ ယောက် အပေါ် ချီးကျုးရင်း ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

ဘာပေ ဟာ မနေ့က ရွှေဘောလုံး အဆင့် ထုတ်ပြန်မှု မှာ အဆင့် ၆ သာ ရရှိခဲ့ပြီး ဗီနီဆီယပ် ဂျူနီယာ ကတော့ အဆင့် ၈ မှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

ရိုဒရီဂို ကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက မတောက်ပ ခဲ့ပေမယ့် အခု ရာသီမှာတော့ ရီးရဲ အတွက် ပြိုင်ပွဲစုံမှာ ၅ ဂိုး သွင်းပေးပြီး ခြေစွမ်းကောင်းတွေ ပြသနေပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ တုန်းကလည်း ရီးရဲ ဟာ လာလီဂါ အဓိက ပြိုင်ဘက် ဘာစီလိုနာ ကို အိမ်ကွင်းမှာ ဘန်ဇီးမား ၊ ဗယ်ဗာဒီ ၊ ရိုဒရီဂို တု့ိရဲ့ သွင်းဂိုး တွေနဲ့ အနိုင် ကစားကာ အဆင့် ၁ နေရာကို ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဘာပေ ကတော့ ဒီတပတ် ပွဲတွေ မကစားခင်မှာ အသင်းကနေ ဇန်နဝါရီမှာ ထွက်ခွာခွင့် ပေးဖို့ တောင်းဆို ခဲ့တယ်ဆိုတာ မဟုတ်မှတ်ပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR