ဘယ်အရာတွေက သူ့ရဲ့ လက်စွမ်းကို ပြန်ကောင်းလာစေလဲ ဆိုတာ ဖွင့်ဟလာတဲ့ ကီပါ

 

ချဲလ်ဆီး အသင်းဟာ တမြန်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စ်တွန် ဗီလာ အသင်းကို ၀ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ၊ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ် ။ ဒါဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်ထက် ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၅ပွဲဆက် အနိုင်ရခြင်း ဖြစ်ပါတယ် ။

နည်းပြ အပြောင်းအလဲ ဖြစ်ပြီးနောက် ၊ ချဲလ်ဆီးရဲ့ အသင်းလိုက် ကစားပုံ တိုးတက်လာတဲ့ အပြင် ကစားသမား အချို့ တဦးချင်း စွမ်းဆောင်ရည်ကလည်း သိသိသာသာ မြင့်မားမှု ရှိလာတာကို တွေ့ရပါတယ် ။ ထိုအထဲမှာ ပြီးခဲ့တဲ့ ၃နှစ်နီးပါးလောက် ပုံမှန် လက်စွမ်းအောက် ရောက်နေတဲ့ စပိန် ဂိုးသမား ကီပါလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ဂရေဟမ် ပေါ်တာ ရောက်ရောက်ချင်း ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ လက်ဒဏ်ရာ ရခဲ့တာကြောင့် ၊ ကီပါ ဟာ မဖြစ်မနေ ပွဲထွက်ခွင့် ရခဲ့ရာမှာ ၊ တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေ ပြသထားနေတဲ့ အတွက် လက်ရှိ ချဲလ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာပါတယ် ။

နောက်ဆုံး ၄ပွဲဆက် Clean Sheet ယူထားပေးကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ကီပါ က ဗီလာနဲ့ ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကစားရခက်တဲ့ ပွဲတပွဲ အတွင်း အသင်း အနိုင်ရအောင် တဖက်တလမ်းက ကူညီနိုင်ခဲ့လို့ ဝမ်းမြောက်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကီပါက ” အသင်း နိုင်ပွဲ ရအောင် ကူညီပေးနိုင်ခဲ့လို့ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ ဒါဟာ ကစားရခက်တဲ့ ဘောလုံးကွင်း တကွင်း ဖြစ်ပြီး ၊ ကျွန်တော်တို့ရဲ့ ပွဲစတင်ပုံ ကောင်းခဲ့ပါတယ် ။ စောစောစီးစီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ၊ အဖွင့်ဂိုးလည်း အရင် သွင်းနိုင်ခဲ့ပါတယ် ။ ”

 

” အဲဒီနောက်ပိုင်း အသင်းလိုက် စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းခဲ့ပြီး ၊ ကျွန်တော်တို့ ပွဲအပေါ် ထိန်းချုပ်နိုင်စွမ်း နည်းလာခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ပထမပိုင်း ပြီးခါနီး မိနစ် ၂၀ ၊ ၂၅မိနစ်လောက် ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာပါ ။ ဒုတိယပိုင်း ပြန်အစမှာ လူစားလဲမှု အချို့ လုပ်ခဲ့ပြီးနောက် ၊ ကျွန်တော်တို့ ပွဲကို စီမံခန့်ခွဲမှု ပိုကောင်းခဲ့ပါတယ် ။ ”

” ချန်ပီယံလိဂ်က ကြီးကျယ်တဲ့ အဝေးကွင်း နိုင်ပွဲ အပြီး ပရီးမီးယားလိဂ်မှာပါ နောက်ထပ် အဝေးပွဲ တပွဲ ဆက်ကစားနိုင်ဖို့ ၊ အာရုံစိုက်နိုင်ဖို့ မလွယ်ပါဘူး ။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ ဘောလုံးကွင်းတွေမှာ အနိုင်ရထားပါတယ် ။ ဗီလာပါ့ခ်မှာ နိုင်ဖို့ ဆိုတာက မလွယ်ပါဘူး ။ မီလန်မှာ နိုင်ဖို့ကလည်း မလွယ်ပါဘူး ။ ”

” ကျွန်တော်တို့ဟာ မန်နေဂျာရဲ့ အိုင်ဒီယာတွေကို တဖြည်းဖြည်း ပိုပြီး သဘောပေါက်လာပါပြီ ။ ပွဲမတိုင်ခင် ကြိုတင် ပြင်ဆင်စရာ ရှိတာတွေ အကုန် လုပ်ရပေမယ့် ၊ တကယ့်ပွဲမှာက လုံးဝ ကွဲပြားခြားနားပါတယ် ။ ကွင်းတွင်းမှာ ခင်ဗျား အတွက် စဉ်းစားဖို့ အချိန် မရှိပါဘူး ။ ဘာပဲဖြစ်လာ ဖြစ်လာ ၊ ခင်ဗျား အနေနဲ့ အသင့်ရှိနေရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဗီလာနဲ့ ပွဲမှာ ကီပါ ဟာ ချေပဂိုး ရဖို့ ဆက်တိုက် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တဲ့ အိမ်ရှင် အသင်းရဲ့ ကန်ချက်တွေကို တကိုယ်တော် လက်စွမ်းပြ ကာကွယ်ခဲ့ကာ ၊ Triple save ၊ ဒန်နီအင့်စ်ရဲ့ အပိုင် ခေါင်းတိုက် အဆုံးသတ်မှုတွေကို ဂိုးစည်းပေါ်က ပုတ်ထုတ်နိုင်ခဲ့တာက ပရိသတ်တွေကို ဟာခနဲ ၊ ဟင်ခနဲ ဖြစ်စေခဲ့ပါတယ် ။

ဆက်လက်ပြီး ကီပါ က အခုလို လက်စွမ်းကောင်းတွေ ပြန်ရလာခြင်းနဲ့ ပတ်သက်ပြီးလည်း ” ဘောလုံး ခြေထဲ ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ကျွန်တော် ယုံကြည်မှု ရှိနေတယ်လို့ ခံစားရပါတယ် ။ ကိုယ်လုပ်နေတဲ့ အရာ ၊ ကိုယ့်ရဲ့ တိုးတက်မှု ဖြစ်စဉ်တွေ အပေါ် ယုံကြည်မှု အပြည့်အဝ ထားခြင်းက အရမ်း အရေးကြီးပါတယ် ။ ဟုတ်ပါတယ် ။ ခက်ခဲတဲ့ အခိုက်အတန့်တွေကို ကျွန်တော် ကျော်ဖြတ်ခဲ့ရပါတယ် ။ ”

” ကောင်းတဲ့ အခိုက်အတန့်တွေလည်း ပိုင်ဆိုင်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဘဝက ဒီလိုပါပဲ ။ ခင်ဗျားဟာ အနိမ့်အမြင့် အတက်အကျတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ဒါတွေကို စိတ်ဓာတ် ကြံ့ခိုင်မှု ရှိရှိနဲ့ ကျော်ဖြတ်ရမှာပါ ။ အခုတော့ ကျွန်တော် ကိုယ့်လုပ်ထားတဲ့ အရာ အားလုံးနဲ့ ပတ်သက်ပြီး ကျေနပ် အားရမှု ရှိနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR