စာချုပ်သစ်မှာ လစာ တိုးပေးဖို့ တောင်းဆိုထားတဲ့ ဂျော်ဂျင်ဟိုနဲ့ ဇာကာရိုင်းယားကို ယူဗင်တပ်စ်ဆီ ပြန်ပို့ဖို့ စဉ်းစားနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ စာချုပ် သက်တမ်း ပြည့်မြောက်ဖို့ နီးနေတဲ့ အဓိက ကစားသမား အချို့ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ ကြိုးစားနေပြီး ၊ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ၊ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ၊ ဂျော်ဂျင်ဟို ၊ မေဆင်မောင့် အစရှိသူတွေနဲ့ စာချုပ်သစ် အတွက် သဘောတူညီမှု မရထားသေးပါဘူး ။

ယနေ့ညနေ Evening Standard သတင်းဌာနရဲ့ ဖော်ပြချက် အရ အီတလီ လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ စာချုပ်သစ်မှာ လစာ တိုးမြှင့်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ် ။ လက်ရှိမှာ ဂျော်ဂျင်ဟို ဟာ တပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိထားပါတယ် ။

ဂျော်ဂျင်ဟို ဟာ ယခုနှစ် ဘောလုံးရာသီ အတွင်း စာချုပ်သစ် မချုပ်နိုင်ဘူးဆိုရင် ၊ လာမယ့် နွေရာသီမှာ free agent ကစားသမား ဖြစ်လာဖို့ ရှိပါတယ် ။

ရာသီအစပိုင်းတုန်းကမှ ချဲလ်ဆီး ဟာ ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာကို တပတ်လုပ်ခ ပေါင် ၁သိန်းခွဲနဲ့ ၂နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ဒုအသင်းခေါင်းဆောင် ဖြစ်တဲ့ ဂျော်ဂျင်ဟိုဟာလည်း ယင်းစပိန်သား နည်းတူ လစာတိုးမြှင့် ရရှိဖို့ အလိုရှိနေပြီး ၊ ချဲလ်ဆီးဖက်ကတော့ ထိုပမာဏ အတိုင်း ဂျော်ဂျင်ဟိုကို ပေးချေဖို့ တုန့်ဆိုင်းလျက်ရှိပါတယ် ။ ဂျော်ဂျင်ဟိုရဲ့ အေးဂျင့် ယာအို ဆန်းတို့စ်ကတော့ ၄င်းတို့ရဲ့ အဓိက ဦးစားပေး ပစ်မှတ်မှာ ချဲလ်ဆီးနဲ့ စာချုပ်သစ် ချုပ်နိုင်ဖို့ ဖြစ်တယ်လို့ အတိအလင်း ထုတ်ဖော် ပြောဆိုထားပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ နောက်ထပ် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ စာချုပ်သစ် အတွက် လုံးဝ ညှိနှိုင်းထားနိုင်ခြင်း မရှိသေးပါဘူး ။ လက်ရှိ အသင်းရဲ့ လစာ အများဆုံး ကစားသမားတွေထဲမှာ ပါဝင်နေတဲ့ ကန်တေဟာ ကလပ်မှ ကမ်းလှမ်းတဲ့ ၂နှစ် စာချုပ်ကို လက်မခံပဲ နှစ်ရှည် သက်တမ်းတိုးနိုင်ဖို့ အလိုရှိနေပါတယ် ။

အသက် ၃၁နှစ် အရွယ်ရှိ ယင်းပြင်သစ်သား ဟာ ကြံ့ခိုင်မှု ပြည့်နေရင် ကမ္ဘာ့ အကောင်းဆုံး အဆင့် ရှိပေမယ့် ၊ ယခုနှစ်ပိုင်း အတွင်း ဒဏ်ရာ ပြဿနာတွေ နှိပ်စက်နေတာကြောင့် ရာသီ တဝက်စာလောက် အသင်း အတွက် ကစားပေးနိုင်ခြင်း မရှိပါဘူး ။ ဒီအချက်ကြောင့် ချဲလ်ဆီးဟာ ၄င်းကို သက်တမ်းတိုးဖို့ သိပ်ပြီး တွန်းအားပေးထားတာမျိုး မရှိနေပါဘူး ။

လက်ရှိ အခြေအနေ အရ ဆိုရင်တော့ ချဲလ်ဆီးဟာ ယင်းဝါရင့်ကွင်းလယ်လူ ၂ဦးလုံးကို ယခုနှစ် ရာသီကုန်မှာ အလွတ်နဲ့ နှုတ်ဆက်ရဖွယ် ရှိနေပါတယ် ။ ကမ္ဘာ့အဆင့် ရှိတဲ့ ဒီကစားသမား ၂ဦး ချဲလ်ဆီးကနေ ထွက်လာတာနဲ့ ဥရောပ ထိပ်တန်း ကလပ် အသင်းကြီးတွေဟာ လာမယ့် နွေရာသီ အတွင်း ၄င်းတို့ကို ခေါ်ယူဖို့ တန်းစီစောင့်မှာ သေချာနေပါတယ် ။

ကွင်းလယ်လူတွေကို စာချုပ်သစ် ချုပ်နိုင်ဖို့ ရုန်းကန်နေရချိန် ၊ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် Deadline Day မှာ ယူဗင်တပ်စ်ကနေ ချဲလ်ဆီးသို့ အငှားနဲ့ ရောက်လာခဲ့တဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရိုင်းယားဟာ အခုအချိန် အထိ အသင်းသစ်နဲ့ တမိနစ်မှ ကစားခွင့် မရသေးတာကြောင့် ၊ အနာဂတ်နဲ့ ပတ်သက်ပြီး ယခုတပတ် အတွင်း ဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိကြောင်း Evening Standard သတင်းကပဲ ဖော်ပြထားပါတယ် ။

အသက် ၂၅နှစ် အရွယ်ရှိ ၊ ယင်းဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူဟာ ကြံ့ခိုင်မှု အနေအထား အသင့်အတင့် ရှိပေမယ့် ယခင် နည်းပြ သောမတ်စ် တူချယ် လက်အောက်မှာရော ၊ လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်အောက်မှာပါ အခွင့်အရေး လုံးဝ ရထားခြင်း မရှိပါဘူး ။

အငှား စာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် ပါရှိပေမယ့် ၊ ချဲလ်ဆီးဟာ ဇာကာရိုင်းယားကို လာမယ့် ဇန်နဝါရီမှာတောင် စာချုပ် ဖျက်သိမ်းပြီး မိခင် ကလပ် ယူဗင်တပ်စ်ထံသို့ ပြန်ပို့ဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR