ဂိုးသမားတွေ ဘာလွန်းဒီအော် အိပ်မက် မက်ခွင့် မရှိတော့ဘူးလားလို့ မေးခွန်းထုတ်လိုက်တဲ့ ကော်တွိုက်စ်

 

မနေ့က ပြုလုပ်ခဲ့တဲ့ ဘာလွန်းဒီအော် ဆုပေးပွဲကြီးမှာ ရီးယဲလ်မက်ဒရစ် အသင်း နဲ့ ဘယ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော်တွိုက်စ် ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီရဲ့ အကောင်းဆုံး ဂိုးသမားကို ရွေးချယ် ချီးမြှင့်တဲ့ Yashin Trophy ကို ဆွတ်ခူး ရရှိ သွားခဲ့ပါတယ် ။

၂၀၁၉ ခုနှစ်မှာ စတင် ချီးမြှင့်တဲ့ Yashin Trophy ကို ကော်တွိုက်စ် မတိုင်ခင် အယ်လီဆွန် နဲ့ ဒွန်နာရမ်မာတို့ကို ရရှိ ခဲ့ကြဖူးပါတယ် ။ ကော်တွိုက်စ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ် ။

ကော်တွိုက်စ် ဟာ ဖိုင်နယ်ပွဲမှာ မာနေး ၊ ဆာလာတို့ရဲ့ကန်ချက်တွေကို ကမ္ဘာ့အဆင့် လက်စွမ်း နဲ့ ကာကွယ်ခဲ့ပြီး တစ်ပွဲလုံးမှာ ဂိုးပေါက် ကာကွယ်မှု ၉ ကြိမ် အထိ ပြုလုပ် ခဲ့သူပါ ။ ကော်တွိုက်စ် ဟာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ အပါအဝင် မနှစ်က Clean-Sheet ၂၂ ပွဲ အထိ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ် ။

အသက် ၃၀ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကော်တွိုက်စ် ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီ ဘာလွန်းဒီအော်ဆု ranking မှာလည်း အဆင့် ၇ ချိတ် ခဲ့ပါတယ် ။ Yashin Trophy ကို လက်ခံ ရယူအပြီးမှာတော့ ကော်တွိုက်စ် ဟာ ဂိုးသမားတွေ ဘာလွန်းဒီအော် အိပ်မက် မက်ခွင့် မရှိတော့ဘူးလားလို့ မေးခွန်း ထုတ်သွားခဲ့ပါတယ် ။

” ပထမဦးဆုံး အနေနဲ့ပြောချင်တာ​က ကာရင် ဘန်ဇီးမား အတွက် ဝမ်းသာတယ် ဆိုတဲ့ စကားပါပဲ ။ ဂိုးသွင်းရတာက ဂိုးမပေးရအောင် တားစီးရတာထက် ပိုကောင်းနေတဲ့ပုံပါပဲ ၊ ရှေ့လျှောက်လည်း ဂိုးသွင်းတဲ့သူတွေပဲ အနိုင်ရနေဦးမယ့် ပုံတော့ ပေါ်ပါတယ် ။ ”

” သူတို့ ဆုရွေးချယ် ပေးအပ်တဲ့ အကြောင်းတရား နဲ့ ဘာကို အဓိက ကြည့်ပြီး မဲပေးတာလဲဆိုတာ သိလိုက်ရချိန်မှာ ကျွန်တော် ဘာလွန်းဒီအော်ဆု ကို ရဖို့ အခွင့်အရေး မရှိဘူး ဆိုတာ သိသွားခဲ့ပါတယ် ။ ဂိုးသမား တစ်ဦး အတွက် ဘာလွန်းဒီအော် ဆု ရဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး ။ ”

” ကျွန်တော် မနှစ်က လုပ်ပြခဲ့တာထက် ပိုလုပ်ပြနိုင်တဲ့ ဂိုးသမား ရှိလာမလားဆိုတာတော့ မသိပါဘူး ။ ကျွန်တော် ဘာလွန်းဒီအော်ဆု ကို ရကို ရသင့်တယ်လို့ ပြောနေတာ မဟုတ်ဘူးနော် ၊ ချန်ပီယံလိဂ် ဖလား နဲ့ လာလီဂါ ဖလား ရခဲ့တဲ့ ဂိုးသမား တစ်ဦးက ဘော်လွန်းဒီအော် စင်မြင့်မှာတောင် ပါဝင် မလာခဲ့တာကို ပြောနေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘာလွန်းဒီအော် သမိုင်းမှာ ဂိုးသမား အနေဖြင့် ဘော်လွန်းဒီအော်ဆု ကို ရရှိခဲ့ဖူးသူ တစ်ဦးတည်းသာ ရှိခဲ့ပြီး ၁၉၆၃ ခုနှစ်က ဒိုင်နမိုကိဗ် နဲ့ ဆိုဗီယက် ဂန္တဝင်ဂိုးသမားကြီး Lev Yashin က ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

SM