ချဲလ်ဆီး စတား တဦးကို ပုံမှန် မဟုတ်တဲ့ နေရာမှာ အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ပြန်ချင့်ချိန်သွားမယ်လို့ အရိပ်အမြွက် ဖွင့်ဟလာတဲ့ ဂရေဟမ် ပေါ်တာ

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းဟာ ဗီလာပါ့ခ်မှာ အိမ်ရှင် အက်စ်တွန် ဗီလာကို ၀ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ၊ ဒုတိယပိုင်း အတွင်း မှန်ကန်တဲ့ လူစားလဲမှုတွေ မလုပ်ခင် အထိ ကစားပုံ အရ အိမ်ရှင် အနောက် ကျန်ခဲ့ပါတယ် ။

အားထားရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဒဏ်ရာ ရသွားခြင်းက ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကို မတူညီတဲ့ နည်းစနစ် ချဉ်းကပ်မှု တခု စမ်းသုံးဖို့ အကြောင်းဖန်ခဲ့ပါတယ် ။ ထိုပွဲမှာ ပေါ်တာဟာ ၃ယောက်တန်း ခံစစ်ကို အခြေပြုခဲ့ပေမယ့် ၊ ကွင်းလယ်နဲ့ wing-back စနစ်တွေမှာ မသိမသာ အပြောင်းအလဲတွေ လုပ်ထားပါတယ် ။

တောင်ပံတိုက်စစ် ထွက်ကစားလေ့ရှိတဲ့ မေဆင်မောင့်ကို နံပါတ် ၁၀ နေရာ ပို့ထားပြီး ၊ လော့ဖ်တပ်စ်ချိခ်ကို ဂျော်ဂျင်ဟိုလို ကွင်းလယ် ခံစစ် ပုံစံနဲ့ တမျိုး ၊ ကြုံရာ wing-back ပုံစံမျိုးနဲ့ တဖုံ ကစားစေခဲ့ပါတယ် ။ အသိသာဆုံး ပြောင်းလဲမှုက ရာဟင်း စတာလင်ကို ညာတောင်ပံနဲ့ ညာ wing-back ကဏ္ဍ ၂ခုလုံး တပြိုင်နက် တာဝန်ယူစေခဲ့ခြင်း ဖြစ်ပါတယ် ။

ပထမပိုင်းမှာ စတာလင်ရဲ့ ခံစစ် စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာထက် ၊ ခံစစ် ကောင်းကောင်း မကူတတ်တဲ့ ၄င်းကို wing-back နေရာမှာ သုံးခဲ့တဲ့ ဂရေဟမ် ပေါ်တာကို ပိုပြီး ဝေဖန်ချင်စရာ ဖြစ်ခဲ့ပါတယ် ။ သို့ပေမယ့်လည်း ပေါ်တာဟာ ၄င်းရဲ့ နည်းစနစ် အမှားကို ဒုတိယပိုင်း စစချင်း ချက်ချင်း ပြင်ဆင်ခဲ့ပါတယ် ။

စတာလင်ကို တောင်ပံတိုက်စစ် ပြန်ပို့ပြီး ၊ အလုပ်မဖြစ်တဲ့ ဟာဗက်ဇ် ၊ ကူကူရယ်လာတို့ကို ထုတ်ကာ ၊ အက်ဇ်ပီလီကွီတာနဲ့ ကူလီဘာလီတို့လို natural defender တွေ လူစားဝင်ခဲ့ခြင်းက ချဲလ်ဆီး အတွက် ပွဲကို ပြန်ချုပ်ကိုင်နိုင်စေခဲ့ပါတယ် ။ အဲဒီနောက် ကော်နာ ဂေါ်လဂါ ၊ ဂျော်ဂျင်ဟိုတို့ ထပ်ဝင်လာလို့ ကွင်းလယ်အား ပိုတောင့်တင်းခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာ က စတာလင်ကို wing-back နေရာမှာ စမ်းသပ်ခဲ့တာ အလုပ်မဖြစ်ခဲ့ခြင်း အပေါ် ဝန်ခံရင်း ၊ လာမယ့် ပွဲအချို့မှာ ရိစ်ဂျိမ်းစ် မရှိတဲ့ ညာ wing-back ကဏ္ဍ အတွက် အခြားသော နည်းစနစ် ပြောင်းလဲမှုတွေ လုပ်သွားဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။

ပေါ်တာ က ” တခါတလေမှာ အရေးပါတဲ့ ကစားသမား တဦးကို ဆုံးရှုံးရတဲ့အခါ ၊ ကိုယ့်ခံစားချက် အပေါ်မူတည်ပြီး သူ့နေရာကို ဘယ်လို ဖြည့်ရမလဲ ဆိုတာ စမ်းသပ်ရင်းနဲ့ ဒီလိုမျိုး အခြေအနေတွေ ကြုံရတာပါပဲ ။ ကျွန်တော်တို့ဟာ ၃ယောက်တန်း ခံစစ်ကို အခြေခံ သုံးထားတယ် ဆိုပေမယ့် ၊ ဘောလုံး ခြေထဲမရှိတဲ့ အချိန် ရာဟင်းကို wing-back အနေနဲ့ ဝင်ဖြည့် ကစားစေခဲ့ပါတယ် ။ ”

” ပွဲအစ ၁၅မိနစ်လောက် ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အဲဒီနောက် ကစားပုံ အရှိန် မထိန်းနိုင်ခဲ့တာကြောင့် ပြိုင်ဖက်ရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ် ။ ဒါ့အပြင် second ball တွေမှာ နောက်ကျကျန်ခဲ့ပြီး ၊ ပြိုင်ဖက်ရဲ့ ကျော်တက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ”

” ပထမပိုင်း အပြီးမှာတော့ အပြောင်းအလဲ လုပ်ဖို့ လိုတယ်လို့ ခံစားခဲ့ရပြီး ၊ လူစားဝင်ခဲ့တဲ့ အသင်းသားတွေ ကောင်းကောင်း စွမ်းဆောင်ခဲ့ကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့မှာ နည်းစနစ် အပြောင်းအလဲတွေ လုပ်ဖို့ ရွေးချယ်စရာတွေ ရှိပါတယ် ။ ”

” ရာဟင်းဟာ high line ပုံစံ ကစားပေးနိုင်ပြီး ၊ တောင်ပံ နေရာမျိုးစုံ ဆော့ပေးနိုင်ပါတယ် ။ ဒါပေမယ့် အသင်းလိုက် ကစားကွက် ဟန်ချက်ညီဖို့ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ ချဉ်းကပ်မှုတွေ ၊ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR