ရီးရဲမက်ဒရစ် ကတော့ ဘာစီလိုနာ ကို တကယ့်ပွဲမှာ အနိုင် ကစားသွားခဲ့ ပါပြီ ။ ဒီပွဲဟာ အမှတ်ပေး ဇယား အတွက် အရေးပါခဲ့သလို ဘာစီလိုနာ ကိုလည်း ပြည်တွင်းမှာ အရှုံး အရသာနဲ့ မြည်းစမ်း ရစေခဲ့ ပါတယ် ။
ရီးရဲဟာ ဘာစီလိုနာ အားသန်တဲ့ ဖြတ်တင်ဘောတွေ မထွက်အောင် အကောင်းဆုံး တားဆီးနိုင်ခဲ့ ပါတယ် ။ ဖြတ်တင်ဘောတွေ မလာတဲ့ အတွက် လီဝန်ဒေါ့စကီး လုပ်ကွက် သိပ်မရခဲ့ပါဘူး ။
တိုက်စစ်ပိုင်းမှာတော့ ဘန်ဇီးမား ပြန်ပါလာမှု နဲ့ အတူ ရီးရဲ တို့ ပိုပြီး ထိုးဖောက်အား ကောင်းခဲ့ ပါတယ် ။ တဦးချင်း ခြေစွမ်းအရ ရော အသင်းလိုက် ကစားပုံမှာပါ ရီးရဲ တို့ ပိုကောင်းခဲ့တာပါ ။
ဘာစီလိုနာ ကတော့ ပွဲပြီးဖု့ိ နောက်ဆုံး မိနစ် ၃၀ – ၃၅ မိနစ်လောက်မှသာ လူစားဝင်လာသူတွေ ခြေပေါ်ခဲ့လို့ ကစားပုံ ပြန်ကောင်းလာခဲ့ကာ ၁ ဂိုး သွင်းနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် သူတို့ ဒီနေ့ပွဲမှာ အမှတ်ရဖို့ မထိုက်တန်ခဲ့ ပါဘူး ။
ဒီပွဲက ၂ ဘက်အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေကတော့ –
ရီးရဲမက်ဒရစ်
လူနင် – ၇
သီဘောက် ကော့တွာ ရဲ့ နေရာကို ဝင်ကစားခဲ့ရပြီး ဒုတိယပိုင်းမှာ ၁ ဂိုး ပေးခဲ့ရတာက လွဲရင် မက်ဒရစ် ရဲ့ ဒုတိယဂိုးသမား လူနင် အတွက် ကောင်းမွန်တဲ့ ညတည ဖြစ်ခဲ့ ပါတယ် ။ သူ့ရဲ့ အဝေးဘော ပေးပို့မှုတွေ ကလည်း အသင်းကို အထောက်အကူ ဖြစ်စေခဲ့ပါတယ် ။
ဒါနီ ကာဗာရယ် – ၆
ဘာစီလိုနာ ရဲ့ တောင်ပံ တိုက်စစ်တွေ ကို ဖြတ်တင်ဘောတွေ မထွက်အောင် တားဆီး နိုင်ခဲ့ ပါတယ် ။ ကစားပုံ အရမ်းကြီး မကောင်းခဲ့ပေမယ့် ကျေနပ်စရာ ညတညကိုတော့ ပိုင်ဆိုင်ခဲ့တယ်လို့ ပြောရမှာပါ ။
မီလီတို – ၇
ရောဘတ် လီဝန်ဒေါ့စကီး ကို ကောင်းကောင်း လူကပ် ကစားနိုင် ခဲ့ပြီး နည်းပြရဲ့ ဗျူဟာအောက်မှာ အကောင်းဆုံး ကစားသွား နိုင်ခဲ့ ပါတယ် ။
ဒေးဗစ် အလာဘာ – ၇
မက်ဒရစ် ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်မှုပေးခဲ့ပြီး တပွဲလုံး ပုံမပျက်အောင် ထိန်းကျောင်း ပေးသွားနိုင်ခဲ့ ပါတယ် ။
ဖာလန်း မန်ဒီ – ၇
တိုက်စစ် လိုက်ပါမှုတွေ ကောင်းခဲ့ပြီး ဖန်တီးမှုလည်း ပြုလုပ်ပေးခဲ့ ပါတယ် ။ ရာဖင်ညာ ကို ကောင်းကောင်း ထိန်းချုပ် ကစားနိုင်ခဲ့တာ ကတော့ မက်ဒရစ် ပရိသတ်တွေကို အကြိုက်တွေ့ စေခဲ့မှာပါ ။
လူကာမိုဒရစ် – ၇
သက်တမ်းရင့်လေ အရသာကောင်းလေဆိုတဲ့ နှစ်ချို့ဝိုင်ကြီး တခွက်လိုပါပဲ ။ မိုဒရစ် ဟာ ဒီတခေါက် El Clasico မှာလည်း လူငယ်တွေနဲ့ ရင်ပေါင်တန်းပြီး အစွမ်းပြသွားခဲ့ ပါတယ် ။
ဘောလုံး ခြေထဲ ရောက်လာတိုင်းမှာ မိုဒရစ် ဆီက ကောင်းမွန်တဲ့ အရာတွေ ဖြစ်လာခဲ့ပြီး ပေးသမျှ ဘောလုံးတိုင်းလိုလို လိုရာရောက်ခဲ့ ပါတယ် ။
ချူဝါမာနီ – ၇
ကွင်းလယ် ခံစစ်မှာ အန်ဆယ်လော့တီ ရဲ့ ရဲရဲဝံ့ဝံ့ နေရာပေးခံရမှု နဲ့ ထိုက်တန်ကြောင်းကို ချူဝါမာနီ တယောက် သက်သေပြခဲ့ ပါတယ် ။ ကရူးစ် ၊ မိုဒရစ် တို့လို ဝါရင့်ကြီး တွေနဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်ခဲ့ပြီး ခံစစ်ရှေ့ ကနေ ကာကွယ်မှု ပြုလုပ်ပေး နိုင်ခဲ့ ပါတယ် ။
တိုနီကရူးစ် – ၈
ရီးရဲ တသင်းလုံးရဲ့ ကစားကွက် ဗဟိုချက် ဖြစ်ခဲ့ ပါတယ် ။ တိုက်စစ်ဆင်မှု အပိုင်းမှာ ဘောလုံး ပေးပို့မှု အကြိမ် ၅၀ နီးပါး ပြုလုပ်ပြီး ပံ့ပိုးပေးခဲ့တာပါ ။ ပြိုင်ဘက် ရဲ့ ကစားကွက်တွေ၊ ဘောလုံးလမ်းကြောင်းတွေ ကိုလည်း အကြိမ်များစွာ ဖြတ်တောက် တားဆီး နိုင်ခဲ့ ပါတယ် ။
ဖက်ဒရီကို ဗယ်ဗာဒီ – ၈
ဒီရာသီ ကတော့ ဗယ်ဗာဒီ တောက်ပမယ့် ရာသီပါပဲ ။ ဘန်ဇီးမား ၊ ဗီနီဆီယပ် တို့အပေါ် အာရုံ ရောက်နေကြချိန်မှာ ယူရဂွိုင်းသားလေးက နောက်ထပ် တဖန် ထွန်းတောက် ခဲ့ပြန်ပါတယ် ။ ဘာဆာ ကို ပြန်မလှန် နိုင်စေမယ့် ဒုတိယမြောက် ဂိုးဟာ ပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့် ဖြစ်ခဲ့တာ အသေအချာပါပဲ ။
ဗီနီဆီယပ် – ၇
ရီးရဲ ဘယ်တောင်ပံ ကနေ ပွဲချိန်တလျောက်လုံး တိုက်စစ်ဆင် ကစားပေးသွားခဲ့ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် ပိုင်းကတော့ အရမ်း အားရဖို့ မကောင်းခဲ့ ပါဘူး ။ အဝါကတ်လည်း ထိခဲ့ပါသေးတယ် ။
ဘန်ဇီးမား – ၈
ဒီနေ့ပေးမယ့် ရွှေဘောလုံး အတွက် ဘန်ဇီးမား တို့ မနေ့ကတည်းက ကြိုတင် အောင်ပွဲ ခံနေခဲ့ပါတယ် ။
ဒဏ်ရာကနေ ပြန်သက်သာလာချင်း ကွင်းထဲဝင် ၊ ရီးရဲ အတွက် သက်ရောက်မှုကို ဖြစ်စေခဲ့တဲ့ ဘန်ဇီးမား ဟာ ခုချိန်အထိ ပစ်ပယ်လို့ မရသူ အဖြစ် ရှိနေတုန်းပါပဲ ။
လူစားဝင် ကစားသမားများ – ရိုဒရီဂို – ၈ ( တတိယမြောက် ဂိုးကို သွင်းပေးပြီး ပွဲကို အဆုံးသတ်နိုင်ခဲ့ ပါတယ် )
ဘာစီလိုနာ
တာစတီဂျန် – ၅
ရီးရဲ တို့ မနေ့ညက ဘာစီလိုနာ ဂိုးပေါက်ကို ၄ ကြိမ်သာ တည့်ခဲ့ပါတယ် ။ ဒါပေမယ့် ၃ ဂိုးတောင် ပေးခဲ့ရပြီး ဂျာမန်သားကြီးက ၁ ကြိမ်ပဲ ကာကွယ်နိုင်ခဲ့ ပါတယ် ။ ၅ မှတ်ဆိုတာ သူနဲ့ ထိုက်တန်တဲ့ သတ်မှတ်ချက်ပါပဲ ။
ဆာဂျီရောဘတ်တို – ၆
ဗီနီဆီယပ် လို ကစားသမားမျိုးကို ထိန်းရတာ ဆာဂျီရော်ဘတ်တို အတွက် မလွယ်ပါဘူး ။ ဒါပေမယ့် ဝါရင့် နောက်ခံလူရဲ့ ကစားပုံဟာ အဆိုးကြီး မဖြစ်ခဲ့ပါဘူး ။ ရင်ဆိုင်လုမှု ၊ ဖြတ်တောက်မှု အချို့ လုပ်နိုင်ခဲ့သလို Key Pass တကြိမ်လည်း ထွက်ခဲ့ပါတယ် ။
ကွန်ဒေး – ၇
ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကွန်ဒေး ဟာ မနေ့ညက ဘာစီလိုနာ ခံစစ်ရဲ့ ပုံစံ အကောင်းဆုံး ဖြစ်ခဲ့ ပါတယ် ။ ရင်ဆိုင်လုတာတွေ ၊ လျောထိုးဖျက်ထုတ်တာတွေ ၊ ကန်ချက် ကာကွယ်တာတွေကို လုပ်သွားခဲ့ ပါတယ် ။ အသင်းအတွက် ရေရှည်အားကိုး ရမယ့် ကစားသမား ဆိုတာ ထပ်ပြီး ပြလိုက်တာပါပဲ ။
အဲရစ် ဂါစီယာ – ၅
ဂါစီယာ ကတော့ ဘာစီလိုနာ ရဲ့ ပထမ လူစာရင်းမှာ ပါဝင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတာကို မနေ့ညက အားနည်းတဲ့ ကစားပုံက သက်သေပြခဲ့ ပါတယ် ။
အလီယန်ဒရို ဘယ်ဒီ – ၆
ဂါစီယာ ၊ ဆာဂျီ ရောဘတ်တို တို့ထက် စာရင်တော့ လူငယ်လေး ဘယ်ဒီ က အယ်လ်ကလက်စီကို လို ပွဲကြီးမျိုးမှာ အမှားနည်းနည်း နဲ့ ပိုကောင်းအောင် ကစားပြနိုင်ခဲ့ ပါတယ် ။ တိုက်စစ်ကို အများကြီး မကူနိုင်ခဲ့ ပေမယ့် ခံစစ် အချက်အလက်တွေကတော့ ကောင်းတယ်လို့ သတ်မှတ်ရမှာပါ ။
ဖရန်ကီဒီယွန် – ၆
ဘာဆာ ကွင်းလယ်မှာ နေရာပြန်ပေးခံ ရတဲ့ ဒီယွန် ရဲ့ မနေ့ညက ကစားပုံ မဆိုးခဲ့ ပါဘူး ။ ဒါပေမယ့် ရှုံးမယ့် ပွဲမှ နေရာ ပေးခံခဲ့ရတာကတော့ မောင်ဒီယွန် ကံဆိုးခဲ့တယ်လို့ပဲ ဆိုရမလား . . .
ဆာဂျီယို ဘက်စကွက် – ၆
နည်းစနစ်ပိုင်းအရ ဘက်စကွက် ရဲ့ အချက်အလက်တွေ မဆိုးခဲ့ ပါဘူး ။ ဒါပေမယ့် အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် Tempo မြင့်တဲ့ ဒီလိုပွဲတွေမှာ ဘက်စကွက် ရှိနေတာက ဘာစီလိုနာ ရဲ့ အဟုန်ကို ကျသွားစေခဲ့ ပါတယ် ။
ပက်ဒရီ – ၆
မိနစ် ၆၀ ကျော်သာ ကစားခဲ့ရပြီး ကျေနပ်လောက်စရာ ကစားပုံမျိုး မမြင်ခဲ့ရပါဘူး ။
ရာဖင်ညာ – ၆
ညာတောင်ပံ ကနေ ဖြတ်တင်ဘော ၁ ကြိမ်သာ ထွက်ခဲ့ ပါတယ် ။ ကန်ချက် ၂ ကြိမ်လုပ် နိုင်ခဲ့ ပေမယ့်လည်း ထင်ထားသလောက် မဖြစ်ခဲ့ပါဘူး ။
ဒမ်ဘီလီ – ၆
တိုက်စစ်ထက် ခံစစ်ကို လိုက်ကူခဲ့ရတာက ပိုများခဲ့ ပါတယ် ။ တောင်ပံလူတယောက် ရဲ့ အဓိက တိုက်စစ်တာဝန်တွေ မကျေပွန်ခဲ့ ပါဘူး ။
ရောဘတ် လီဝန်ဒေါ့စကီး – ၆
ပံ့ပိုးမှု မရတဲ့ အထောင်တိုက်စစ်မှူး တယောက်ဟာ အထီးကျန်တဲ့ လူတယောက်လိုပါပဲ ။ ကြိုးစားပြီး ကစားပေးခဲ့သလို ၆ ကြိမ် ကန်သွင်းခဲ့ပေမယ့် ၂ ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ ပါတယ် ။ ပိုလန်သားကြီးရဲ့ ပထမဆုံး El Clasico အတွေ့အကြုံ ကတော့ ပျော်စရာ မဖြစ်လာခဲ့ပါဘူး ။
လူစားဝင် ကစားသမားများ –
ဖာရန်တောရက်စ် – ၇
ဂါဗီ – ၆
ဂျော်ဒီ အယ်ဘာ – ၆
ဖာတီ – ၇
ကတ်ဆီ – ၆ တို့ ဖြစ်ကြပါတယ် ။
SPORTS MYANMAR