၅ နှစ် အတွင်း ဝေဖန်သံအတိတ်ဆုံး ဖြစ်လာတဲ့ ၂၀၂၂ ရွှေဘောလုံးဆုပေးပွဲ

၂၀၂၂ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေးပွဲကို ဒီကနေ့ ညမှာ ကျင်းပတော့မှာပါ ။

ပြင်သစ် နိုင်ငံ ပဲရစ်မြို့ရဲ့ ညချမ်းအလှနဲ့ အတူ ကမ္ဘာတဝှမ်းက နာမည်ကျော် ဘောလုံးသမားတွေ ၊ နည်းပြတွေ ၊ အသင်းဒါရိုက်တာတွေ ၊ အမှုဆောင်ချုပ်တွေ ၊ ဂျာနယ်လစ်တွေသာ မက ကျော်ကြားတဲ့ အနုပညာရှင် အချို့ပါ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အရှိဆုံး ဆုပေးပွဲကြီးကို တက်ရောက်လာကြမှာပါ ။

နှစ်တိုင်းလိုလို ငြင်းခုန်ခဲ့ ရတဲ့ ရွှေဘောလုံး ဆုပေးပွဲဟာ ဒီနှစ်မှာတော့ တကယ့်ကို တိတ်ဆိတ် နေခဲ့ပါတယ် ။

ဒါဟာ ရီးရဲမက်ဒရစ် နဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ကို ဒီဆုနဲ့ ချွင်းချက်မရှိ ထိုက်တယ်တန် ဆိုတာကို အားလုံးက လက်ခံထားတဲ့ သဘောပါပဲ ။

ဘန်ဇီးမား ဟာ အသစ်ပြင်ဆင်ထားတဲ့ အမှတ်ပေး ကာလအတွင်းမှာ ပြင်သစ် နဲ့ နေးရှင်းလိဂ် ၊ ရီးရဲမက်ဒရစ် နဲ့ လာလီဂါ ၊ ချန်ပီယံလိဂ် ဖလားတွေကို ရရှိခဲ့သလို အကောင်းဆုံး ဆုတွေကိုလည်း ဆွတ်ခူး ရရှိခဲ့ ပါတယ် ။

တကယ်တော့ အခု ၂၀၂၂ ဟာ နောက်ဆုံး ၅ နှစ် အတွင်းမှာ ရွှေဘောလုံးနဲ့ ပတ်သက်လို့ ဝေဖန်မှု မရှိဆုံး နှစ်လည်း ဖြစ်လာခဲ့ ပါတယ် ။

ရွှေဘောလုံး သမိုင်းမှာ ရသင့်တဲ့သူမရ ၊ မရသင့်တဲ့သူ ရခဲ့တယ်ဆိုပြီး ဝေဖန်စရာ ဖြစ်ခဲ့တဲ့ နှစ်တွေ မနည်းမနော ရှိခဲ့ ပါတယ် ။

၅ နှစ်ဆီ ပိုင်းခြားကြည့်လိုက်မယ် ဆိုရင် ၂၀၁၈ ကနေ အခု ၂၀၂၂ အတွင်း ၅ နှစ်ကာလဟာ ဝေဖန်မှု အများဆုံး ဖြစ်ခဲ့တဲ့ နှစ်တွေပါ ။

၂၀၁၈ တုန်းက မိုဒရစ် ရွှေဘောလုံး ရခဲ့မှုမှာ ရိုနယ်ဒို ပိုရသင့်တယ်လို့ ဝေဖန်ခဲ့သူ အများအပြား ရှိခဲ့ ပါတယ် ။

၂၀၁၉ မှာလည်း ဗန်ဒိုက် ကို ကျော်ကာ မက်ဆီ ဆုရခဲ့မှု အပေါ် လီဗာပူး နဲ့ ပရီးမီးယားလိဂ် ရပ်ဝန်းက မကျေနပ် ခဲ့ကြပါဘူး ။

၂၀၂၀ မှာတော့ ကိုဗစ်ကြောင့် ဆုပေးပွဲ မပြုလုပ်ဘဲ ဖျက်သိမ်းခဲ့မှုဟာ ဘွန်ဒစ်လီဂါ နဲ့ လီဝန်ဒေါ့စကီး ရဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ် ။

၂၀၂၀ မှာ မရလိုက်တဲ့ ဆုအတွက် နောက်တနှစ်ကို အမျော်လင့်ကြီး မျှော်လင့်ခဲ့ကြတဲ့ အပေါ်က ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ ကို ရွှေဘောလုံး ပေးအပ်လိုက်မှုကြောင့် အကြီးအကျယ် ဒေါသူပုန် ထခဲ့ပြီး ရွှေဘောလုံး သမိုင်းတလျောက် ဝေဖန်မှု အမြင့်တက်ဆုံး နှစ်တွေထဲက တခု ဖြစ်သွားခဲ့ရ ပါတယ် ။

၂၀၁၃ ကနေ ၂၀၁၇ အတွင်း ၅ နှစ်တာ နဲ့ ၂၀၀၈ ကနေ ၂၀၁၂ အတွင်း ၅ နှစ်တာ အချိန်တွေ ကတော့ မက်ဆီ ၊ ရိုနယ်ဒို တို့ရဲ့ အပြည့်အ၀ လွှမ်းမိုးထားမှုတွေနဲ့ အတူ ဝေဖန်မှုတွေ အရမ်း မဖြစ်ခဲ့ပါဘူး ။

ရီဘာရီ ကို ကျော်ပြီး ရိုနယ်ဒို ဆုရခဲ့တဲ့ ၂၀၁၃ နဲ့ ဆနိုက်ဒါ ကို ကျော်ပြီး မက်ဆီ ဆုရသွားတဲ့ ၂၀၁၀ နှစ်တွေသာ ဝေဖန်သံတွေထွက်ခဲ့ ပါတယ် ။ ၅ နှစ် အပိုင်းအခြားနဲ့ ဆိုရင်တော့ တပိုင်းမှာ ၁ ကြိမ် ဝေဖန်မှု ရှိခဲ့တယ်လို့ ဆိုရမှာပါ ။

၂၀၀၃ ကနေ ၂၀၀၇ အတွင်းမှာတော့ စီးရီအေ ကစားသမားတွေရဲ့ အောင်ပွဲတွေကို မြင်ခဲ့ရပါတယ် ။ ဒါပေမယ့် ဝေဖန်မှုတွေ ကတော့ မလွတ်ခဲ့ပါဘူး ။

၂၀၀၃ တုန်းက အချက်အလက်အရ ပိုသာတဲ့ သီယာရီ အွန်နရီ မရဘဲ ယူဗင်တပ် ကွင်းလယ်လူ နက်ဗက် ရွှေဘောလုံး ဆွတ်ခူး ခဲ့တာကို အာဆင်နယ်ဖန်တွေ ဒီကနေ့ အထိ ကျိတ်မနိုင် ခဲ့မရ ဖြစ်ခဲ့ပါတယ် ။

၂၀၀၄ မှာလည်း ရှက်ဗ်ချန်ကို ထက် ပိုပြီး သင့်တော်သူတွေ ရှိခဲ့တယ်လို့ ထောက်ပြခဲ့ကြပြန် ပါတယ် ။

၂၀၀၆ မှာတော့ ကန်နာဗာရို ရွှေဘောလုံးဆု ရခဲ့မှုဟာ ဘောလုံးကမ္ဘာအတွက် အထူးအဆန်း ဖြစ်ခဲ့ ပါတယ် ။

နောက်ခံလူတွေ ထဲမှာ ပထမဆုံး ရခဲ့တဲ့သူ ဖြစ်လာလို့ပါပဲ ။ ဒါပေမယ့် ၂၀၀၆ ကမ္ဘာ့ဖလား အောင်မြင်မှု နဲ့ ပေးအပ်ခံခဲ့ရတယ်လို့ ဝေဖန်မှု အချို့ ရှိခဲ့သလို နောက်ကွယ်မှာ မသမာမှုတွေ ရှိနိုင်တယ်လို့ မေးခွန်းထုတ်သူ တွေလည်း ရှိခဲံဖူး ပါတယ် ။

ဒါပေမယ့် ဒီနှစ် ၊ ၂၀၂၂ ခုနှစ် ကတော့ ဘယ်သူ့ ဘယ်သူဆီကမှ ဘန်ဇီးမား ဟာ ရွှေဘောလုံးနဲ့ မထိုက်တန်ပါဘူး ဆိုတဲ့ ပြောဆို ဝေဖန်မှုတွေ မထွက်လာခဲ့ ပါဘူး ။

ဒါဟာ ပြင်သစ်သားကြီး ကို ၂၀၁၁ တုန်းက မက်ဆီ ၊ ၂၀၁၆-၁၇ နှစ်တွေ တုန်းက ရိုနယ်ဒို တို့လိုမျိုး အငြင်းပွားဖွယ် မရှိတဲ့ ရွှေဘောလုံး ဆုရှင် ဖြစ်လာစေတော့မှာပါ ။

ပဲရစ် ကတော့ ဒီနှစ်လည်း ထပ်ပြီး ပျော်ရွှင်ရဦးမှာပါ ။ မနှစ်တုန်းက မြို့ခံ ကလပ်သား မက်ဆီ ဆုရခဲ့ပြီး ရွှေဘောလုံးကို ပထမဆုံးရတဲ့ PSG အသင်းသား ဖြစ်လာခဲ့ ပါတယ် ။

အခုညမှာလည်း ဘန်ဇီးမား အောင်ပွဲခံခဲ့မယ် ဆိုရင် ၁၉၉၈ တုန်းက ဇီနဒင် ဇီဒန်း နောက်ပိုင်း ပထမဆုံး ရွှေဘောလုံးဆုရှင် ပြင်သစ် ကစားသမား ဖြစ်လာမှာပါ ။

တနည်းပြောရရင်တော့ ၂၁ ရာစု ရဲ့ ပထမဆုံး ရွှေဘောလုံးကို ရယူနိုင်တဲ့ ပြင်သစ်သား အဖြစ် မော်ကွန်းရေးထိုး နိုင်တော့မှာပဲ ဖြစ်ပါတယ် ။

ဆုပေးပွဲကြီးကတော့ သိပ်မကြာတော့တဲ့ အချိန်မှာ ကျင်းပတော့မှာပါ ။

ဘန်ဇီးမား ရဲ့ ပဲရစ်ညနဲ့ အတူ ရင်ခုန်အောင်ပွဲခံဖို့ အဆင်သင့်ပဲလားဗျာ . . . . . ။

 

SPORTS MYANMAR