အမှတ်ဖြတ်ကြသူများ ၊ ရှုံးပွဲမရှိ ကျိုးပျက်ကြသူတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာတော့ အာဆင်နယ် ဟာ အဝေးကွင်းမှာ လိဒ် ကို ၁-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။ အာဆင်နယ် ဟာ လက်ရှိ အချိန်ထိ အဆင့် ၁ နေရာကနေ ဦးဆောင်နေသလို ဒုတိယ နေရာက မန်စီးတီး ကိုလည်း ၄ မှတ်ထိ ဖြတ်ထား နိုင်ခဲ့ပါပြီ ။

မန်စီးတီး ကတော့ အန်ဖီးလ် မှာ လီဗာပူး ကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး အခု ရာသီအတွက် ပထမဆုံး ရှုံးပွဲ ကို ကြုံတွေ့ သွားခဲ့ရ ပါတယ် ။

လီဗာပူး ရဲ့ တလုံးတည်းသော ဂိုးကို မိုဟာမက် ဆာလာ က သွင်းပေးခဲ့တာ ဖြစ်ပြီး ဒီဂိုး ကို ဂိုးသမား အလစ်ဆွန် ဘက်ကာ က ဖန်တီး ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး ကတော့ အက်စတွန် ဗီလာ ကို မေဆွန်မောင့် ရဲ့ ဂိုးတွေနဲ့ အနိုင် ရခဲ့ ပါတယ် ။ ချဲလ်ဆီး ဟာ နည်းပြသစ် ပေါ်တာ လက်အောက်မှာ လုံး၀ မရှုံးသေးဘဲ ၅ ပွဲစလုံးကို အနိုင် ရရှိ ထားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ အိမ်ကွင်းမှာ နယူးကာဆယ် နဲ့ ဂိုးမရှိ သရေကျခဲ့ ပါတယ် ။

လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ အဓိက ဖလားလုဖက် ဘာစီလိုနာ ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ရယူကာ ဘာဆာ ကို ၃ မှတ် ဖြတ်လိုက်နိုင်ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ဟာ ပွဲအပြီးမှာ ဒိုင်လူကြီးတွေ ရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသတကြီး မေးခွန်း ထုတ်ခဲ့တယ်လို့ သိရပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ အိမ်ကွင်းမှာ ဖရိုင်းဘတ် အသင်းကို ၅ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။

အမှတ်ပေး ဇယားထိပ် က ယူနီယံ ဘာလင် ကလည်း သူတို့ရဲ့ ပုံစံကောင်း ရရှိမှု ကို ဆက်လက် တည်မြဲ စေခဲ့ပြီး အိမ်ကွင်းမှာ ဒေါ့မွန် ကို ၂-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ နာပိုလီ ဟာ ဘိုလော့ညာ အသင်းနဲ့ ဂိုးတွေ အပြန်အလှန် သွင်းကာ ၃-၂ ရလဒ် နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဒီတပတ်မှာတော့ မီလန် ၂ သင်းစလုံး အနိုင်ရခဲ့ပြီး အတ္တလန်တာ ကလည်း နာပိုလီ ကို ၂ မှတ် အကွာကနေ ဆက်လက် ဖိအားပေး နိုင်ခဲ့ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ မာဆေး အသင်းကို နေမာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဒီပွဲမှာ လီယွန်နယ် မက်ဆီ ပြန်ပါလာခဲ့ပြီး ဖရီးကစ် ကန်ချက် တကြိမ် ဂိုးတိုင်ထိ ထွက်သွားခဲ့ ပါတယ် ။

ဘာစီလိုနာ လူငယ်ကြယ်ပွင့်လေး ပါဘလို ဂါဘီ ဟာ ဒီကနေ့ ကျင်းပမယ့် ရွှေဘောလုံး ဆုပေးပွဲ အခမ်းအနားမှာ အကောင်းဆုံး လူငယ်ဆု ( Kopa Trophy ) ကို ရရှိမယ်လို့ စပိန် သတင်းစာ မာကာ က ဖော်ပြ သွားခဲ့ ပါတယ် ။

မနေ့ ညကပွဲမှာ အနီကတ် ပြခံ ခဲ့ရတဲ့ လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ ဟာ တပွဲပယ် အပြစ်ဒဏ် ကျခံ ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ကလော့ ဟာ ဒိုင် ရဲ့ ဆုံးဖြတ်မှု အပေါ် မကျေမနပ် ဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်း စောဒက တက်ခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ ရတာပဲ ဖြစ်ပါတယ် ။

လီဗာပူး တိုက်စစ်မှူး ဒီယေဂို ဂျိုတာ ဟာလည်း ပွဲပြီးခါနီးမှာ ဒဏ်ရာ ရရှိ သွားခဲ့တယ်လို့ ကြားသိရ ပါတယ် ။

မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ အဆိုပါ ပွဲမှာ အကြွေစေ့ နဲ့ ပစ်ပေါက် ခံခဲ့ရပြီး လီဗာပူး အသင်းကတော့ အဆိုပါ ဖြစ်ရပ် နဲ့ ပတ်သက်ပြီး စုံစမ်း သွားမယ်လို့ ထုတ်ပြန်ခဲ့ ပါတယ် ။

ရိုးမား အသင်းရဲ့ ဂန္ထဝင် ကွင်းလယ် ကစားသမားဟောင်းကြီး ဒန်နီရယ် ဒီရော့စီ ဟာ စီးရီးဘီ ကလပ် SPAL အသင်းကို နည်းပြ အဖြစ် စတင် ကိုင်တွယ်တော့မယ်လို့ သိရပါတယ် ။

PSG တိုက်စစ်မှူးလေး ဘာပေ ကတော့ ဇန်နဝါရီမှာ ပြင်သစ် ကလပ် ကနေ ထွက်ခွာဖို့ ဘယ်တုန်းကမှ မတောင်းဆို ခဲ့ဖူးပါဘူး လို့ ထုတ်ပြောရင်း ကောလဟာလတွေကို အဆုံးသတ် စေခဲ့ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR