လက်စတာ ချန်ပီယံ ဖြစ်ခဲ့သလိုမျိုး အာဆင်နယ် လည်း ချန်ပီယံ ဖြစ်သွားနိုင်ချေ ရှိတယ်လို့ သုံးသပ် လိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင် က လက်ရှိ အာဆင်နယ် အသင်းဟာ လက်စတာ စီးတီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့စဉ်တုန်းကထက် ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး လာမယ့်ပွဲတွေသာ ဆက်နိုင်ရင် မန်စီးတီး အသင်းရဲ့ ချန်ပီယံ ပြိုင်ဘက် အဖြစ် သတ်မှတ်လို့ ရပြီလို့ ဆိုလိုက်ပါတယ် ။

ဒီတစ်ပတ် ပွဲစဉ် (၁၁) မှာ အာဆင်နယ် အသင်းဟာ လိဒ်ယူနိုက်တက် အသင်းကို တစ်ဂိုး ဂိုးမရှိ အနိုင်ရပြီး မန်စီးတီး အသင်းက လီဗာပူး အသင်းကို တစ်ဂိုးဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ ဒုတိယနေရာက မန်စီးတီး အသင်းကို ၄ မှတ် အထိ ဖြတ်ထား နိုင်ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာ နေတာ ဆယ်စုနှစ် နှစ်စု နီးပါး ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီရာသီမှာတော့ အာဆင်နယ် အသင်းရဲ့ ချန်ပီယံ အိပ်မက်တွေဟာ အသစ်တစ်ဖန် ပြန်လည် နိုးထ လာခဲ့ပါပြီ ။

လီဗာပူး နဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင် ကတော့ ဘယ်သူမှ မထင်မှတ်ထားဘဲ ချန်ပီယံ ဖြစ်ခဲ့တဲ့ လက်စတာ စီးတီး အသင်း နဲ့ နှိုင်းယှဉ်ကာ အာဆင်နယ် အသင်း ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေ ကို သုံးသပ် သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း ထိပ်ဆုံးကနေ လေးမှတ်ဖြတ် ဦးဆောင်နိုင်လိုက်ချိန်မှာ လက်စတာ စီးတီး ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်ကို ပြန်ပြီး အမှတ်ရမိသွားပါတယ် ။ လက်စတာ ချန်ပီယံ ဖြစ်ခဲ့တဲ့နှစ်လောက်တော့ အံ့ဩသင့်စရာဖြစ်မယ် မထင်ပါဘူး ၊ လက်စတာ ချန်ပီယံ ဖြစ်တဲ့နှစ်တုန်းကလည်း သူတို့ လေးမှတ် ဖြတ်ထားနိုင်ချိန် ဒီအသင်းကကွာ ချန်ပီယံ ဖြစ်မှာ မဟုတ်ပါဘူး လို့ ပြောခဲ့ကြတာပါပဲ ။ ”

” အခု အာဆင်နယ် အသင်းက အဲ့တုန်းက လက်စတာစီးတီး အသင်းထက် ပိုပြီး အရည်အသွေး ရှိတဲ့ အသင်းပါ ။ အာဆင်နယ် အသင်းသာ လာမယ့် သုံး လေး ငါးပွဲဆက် ခုလို ဆက်ကစားနိုင်မယ် အနိုင်ရနေမယ်ဆိုရင် လူတွေ အားလုံး ‘ အာဆင်နယ် က တကယ် ကြမ်းနေတာပဲဟ ၊ မန်စီးတီး အသင်းရဲ့ တကယ့် ဆူးညှောင့်ခလုတ်ပဲ ‘ လို့ ပြောလာကြပါလိမ့်မယ် ။ ”

” ဒီနေ့ မန်စီးတီး အသင်း က သုံးမှတ် မရယူနိုင်ခဲ့တော့ သူတို့ နှစ်သင်းကြား အမှတ်ကွာဟချက်က ပိုမိုများပြား သွားခဲ့ပါပြီ ။ ဒီရာသီ က ကမ္ဘာ့ဖလားလည်း ရှိနေတာကြောင့် အရင် ရာသီတွေနဲ့ လုံးဝ မတူပါဘူး ၊ ကျွန်တော်တို့ ကြုံနေကျ ရာသီ မဟုတ်ပါဘူး ၊ အာဆင်နယ် ကလည်း ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ကောင်းနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM