မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ လီဗာပူးစတား ၂ ဦးကို ချီးကျူးရန် တွန့်ဆုတ်ခဲ့တဲ့ ရွိုင်ကိန်း

လီဗာပူးတို့ မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ ရွိုင်ကိန်း နဲ့ မီကာရစ်ချက် တို့ဟာ ဂျိမ်းမီနာနဲ့ ပက်သက်ပြီး အမြင်တွေ မတူညီခဲ့ကြပါဘူး။ လီဗာပူးဟာ မနေ့ညက အန်ဖီးမှာ မန်စီးတီးကို ၁-၀ နဲ့ ခြေစွမ်းပြ အနိုင်ယူခဲ့ပြီး မိုဆာလားဟာ ဒုတိယပိုင်း ၇၆ မိနစ်မှာ လီဗာပူး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ဟာ ဒီရာသီ ပုံစံကောင်း မပြသနိုင်ခဲ့တဲ့ လီဗာပူးရဲ့ ယုံကြည်မှုကို များစွာ တိုးပွားစေမှာ ဖြစ်ပြီး the Reds တို့ဟာ ကြားရက်မှာ ၀က်ဟမ်းကို လက်ခံကစားရမှာ ဖြစ်တာကြောင့် ဒီပွဲကိုသာ နိုင်ခဲ့မယ်ဆိုရင် ထိပ်ဆုံးက အသင်းတွေနဲ့ကွာဟမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ကလော့ဟာ ဒီပွဲစဉ်မှာ ကိုနာတေး နဲ့ အလက်ဇန်းဒါးအာနိုးတို့ ကြံ့ခိုင်မှု မပြည့် ဖြစ်နေတာကြောင့် ဂိုးမက်ဇ်ကို ဗဟိုနောက်ခံလူ နေရာ ပြန်ပို့ကာ ဝါရင့်ကွင်းလယ်လူ မီနာကို ညာနောက်ခံလူ နေရာမှာ ကစားစေခဲ့ရပါတယ်။

မီနာဟာ ဒီပွဲစဉ်မှာ အကောင်းဆုံး ပုံစံ ရနေတဲ့ ဖိုဒန်ကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ရစ်ချက်က ဒီပွဲစဉ် အပြီးမှာ လီဗာပူး ဒုတိယအသင်းခေါင်းဆောင်ကို အထူး ချီးကျူးခဲ့ပါတယ်။

စီးတီးနောက်ခံလူဟောင်း ရစ်ချက်က “မီနာဟာ ဒီနေ့မှာ တအားကို ကောင်းခဲ့ပါတယ်။ ဖိုဒန်ဟာ တကယ့်ကို ပုံစံကောင်းမှာ ရှိနေတဲ့သူပါ။ မန်ချက်စတာဒါဘီမှာ ဖိုဒန်ဟာ တအားကို ကောင်းခဲ့ပြီး သူဟာ မီနာကို ချေမှုန်းပစ်လိမ့်မယ်လို့ ကျွန်တော် ထင်မိခဲ့ပါတယ်။ ဒါပေမယ့် မီနာဟာ ဖိုဒန်ကို အကောင်းဆုံး ထိန်းချုပ် ကစားခဲ့ပါတယ်။ သူ့ရဲ့ နေရာယူမှု ၊ pressing လုပ်မှု ၊ ခေါင်းဆောင်မှု ၊ လိုအပ်တဲ့ အချိန်မှာ ရိုးရှင်းစွာ ကစားသွားမှုတွေကို ကြည့်လိုက်ပါ။ ဒီပွဲစဉ် မတိုင်မီ သူ ဘယ်တုန်းက လီဗာပူး အတွက် မိနစ် ၉၀ ပြည့် ကစားခဲ့သလဲဆိုတာ ကျွန်တော် မမှတ်မိပါဘူး။” လို့ ချီးကျူးခဲ့ပါတယ်။

ရွိုင်ကိန်းကတော့ ဒါကို သဘောမတူခဲ့ဘဲ မီနာဟာ ဒီပွဲစဉ်မှာ ဘာမှ ထူးထူးခြားခြားကြီး လုပ်ပြခဲ့တာ မဟုတ်ဘူးလို့ ဆိုလိ်ုကပါတယ်။

ကိန်းက “မီကာရေ..ခံစစ်ပဲ ကစားရတာဟာ ဒီဂိမ်းရဲ့ အလွယ်ကူဆုံး အပိုင်းပါ။ သူဟာ အတွေ့အကြုံရှိတဲ့ ကစားသမားပါ။ သူ ဒီလိုပဲ လုပ်ပြသွားရမှာ ဖြစ်ပါတယ်။ သူတို့ဟာ လာမည့် ပွဲတွေမှာ တောက်လျှောက် ရင်ဆိုင်ကစားရမှာ မဟုတ်ပါဘူး။ ဖိုဒန်ဟာ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်မယ့်သူ အဖြစ် ရှိနေဆဲပါ။ မီနာဟာ တစ်စုံတစ်ရာ ထူးထူးခြားခြား လုပ်ပြခဲ့တယ်ဆိုတာ ကတော့..”

 

ရစ်ချက်က “သူဟာ ကွင်းလယ်လူ ဖြစ်ပြီး တကယ့်ကို ပုံစံကောင်းပြသနေတဲ့ ကစားသမားတွေကို ညာနောက်ခံလူ အဖြစ် ရင်ဆိုင်ကစားခဲ့ရတာပါ။”

ကိန်းက “သူ ညာနောက်ခံလူ နေရာမှာ ကစားခဲ့ဖူးတယ် မဟုတ်လား?”

ရစ်ချက်က “အမှန်ပါပဲ။ သူကစားခဲ့ဖူးပါတယ်။ ဒါဟာ သူ့ရဲ့ ပုံမှန် ကစားနေကြနေရာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ သူဟာ ဒီနေ့မှာ တအားကို ကောင်းခဲ့တယ်လို့ ထင်ပါတယ်။” လို့ ပြန်လည် debate လုပ်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ ဗန်ဒိုက်ဟာ ဒီရာသီ စီးတီးအတွက် ဂိုး ၂၀ သွင်းယူထားခဲ့ပြီး ဖြစ်တဲ့ ဟာလန်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး နယ်သာလန် ခံစစ်မှုးဟာ လီဗာပူး ခံစစ်ကို အကောင်းဆုံး ဦးဆောင်နိ်ုင်ခဲ့တဲ့ အပြင် တစ်ဦးချင်း ပုံစံကောင်းကိုလည်း ပြသခဲ့ကာ ဟာလန်း ဒီဘရိုင်းနားတို့ ဦးဆောင်တဲ့ မန်စီးတီး တိုက်စစ်ကို ဂိုးပေါက်ပျောက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကတော့ နယ်သာလန် စတားရဲ့ performance ကို ချီးကျူးရန် ထပ်မံ တွန့်ဆုတ်နေခဲ့ပါတယ်။

ကိန်းက “ဒါဟာ သူ့ရဲ့ အလုပ်ပါ။ သူဟာ ဒီနေ့မှာ အကောင်းဆုံး လုပ်ခဲ့ပြီး ဒါကို ချီးကျူးရမှာပါ။ ဒါပေမယ့် သူဟာ ဒါမျိုးကို ဒီရာသီမှာ မလုပ်ပြထားခဲ့ပါဘူး။ ဒီပွဲစဉ်မတိုင်မီ ဟာလန်းနဲ့ ပက်သက်တဲ့ ပြောဆိုမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ မာနကို ထိပါးစေခဲ့တဲ့ အပြင် ဝေဖန်မှုကို မခံချင်တာကြောင့် သူဟာ ဒီနေ့မှာ ဒီလို performance ကို ပြသနိုင်ခဲ့တာပါ။” လို့ တုန့်ပြန်လိုက်ပါတယ်။

SM