ဗီလာနဲ့ ပွဲရဲ့ ပထမပိုင်း အပြီး ဟာဗက်ဇ်နဲ့ ကူကူရယ်လာတို့ကို ဘာကြောင့် လူစားလဲခဲ့လဲ ဆိုတာ ရှင်းပြလာတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စ်တွန် ဗီလာ အသင်းကို အဝေးကွင်းမှာ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆင်မောင့်ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ ပြိုင်ပွဲစုံ ၅ပွဲဆက် အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးတို့ ၃မှတ် အပြည့် ယူနိုင်ခဲ့တာ မှန်ပေမယ့် ၊ မိနစ် ၆၀လောက် အထိ ကစားပုံ အရ အိမ်ရှင် အသင်းထက် နောက်ကျ ကျန်နေခဲ့ပါတယ် ။ အဖွင့်ဂိုးကို ဗီလာ ခံစစ်မှူး တိုင်ရုန်းမင်းစ်ရဲ့ အမှားကနေ မေဆင်မောင့်က အမှားအယွင်း မရှိ သွင်းယူခဲ့ပြီးနောက် ၊ ကျန်တဲ့ ပထမ တပိုင်းလုံး နီးပါး ဗီလာဖက်ကသာ အခွင့်အရေးတွေ ဆက်တိုက် ရခဲ့ပါတယ် ။

ကြားရက်က ဆန်စီရိုမှာ ကစားခဲ့တဲ့ ပွဲထွက်စာရင်းကို အပြောင်းအလဲ အချို့ ထပ်လုပ်ခဲ့ပေမယ့် ၊ အများစု က အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်ကြပါတယ် ။ အားထားရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဒဏ်ရာ ရသွားတာရယ် ၊ ဘယ်ခံစစ်မှူး နေရာက ပွဲထွက်ခွင့် ရခဲ့တဲ့ မာ့ခ်ကူကူရယ်လာ ခြေစွမ်းချာနေတာကြောင့် မလိုလားအပ်ပဲ ခံစစ် ယိုင်နဲ့ခဲ့ရပါတယ် ။

ဂိုးသမားဖြစ်သူ ကီပါ အရီဇာဘာလာဂါသာ မှော်ဝင်လက်စွမ်းမျိုးတွေ မပြခဲ့ရင် ချဲလ်ဆီးတို့ ပထမပိုင်း အပြီး ပွဲကို ဦးဆောင်နိုင်ခဲ့မှာ မဟုတ်ပါဘူး ။ ဒုတိယပိုင်း စစချင်းမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာဟာ ခံစစ်နဲ့ ကွင်းလယ်ကို ပိုမာကျောစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ခံစစ်မှူးစစ်စစ် ကူလီဘာလီနဲ့ ညာ wing-back နေရာ ကစားပေးနိုင်တဲ့ ကလပ် အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာတို့ကို ကိုင်ဟာဗက်ဇ်နဲ့ ကူကူရယ်လာတို့ အစား လူစားဝင် ကစားစေခဲ့ပါတယ် ။

အဲဒီနောက် ဂျော်ဂျင်ဟို ၊ ကော်နာ ဂေါ်လဂါတို့ကို ဆက်တိုက် ထည့်သွင်းခဲ့လို့ ၊ ချဲလ်ဆီးတို့ ပထမပိုင်းကထက် ပွဲကို အများကြီး ပိုထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် မေဆင်မောင့်က တိုက်ရိုက်ဖရီးကစ်ကနေ ဒုတိယ ဦးဆောင်ဂိုး သွင်းပေးခဲ့တာကြောင့် ချဲလ်ဆီးကို ပိုမို သက်တောင့်သက်သာ ရှိစေခဲ့ပါတယ် ။

ပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂရေဟမ် ပေါ်တာ က ဒုတိယပိုင်း စစချင်းမှာ ဘာကြောင့် ဟာဗက်ဇ်နဲ့ ကူကူရယ်လာတို့ကို လူစားလဲခဲ့တာလဲ ဆိုတာ အခုလိုပဲ ရှင်းပြလာပါတယ် ။

ပေါ်တာ က ” ဒါက နည်းစနစ်နဲ့ ပိုပြီး သက်ဆိုင်ခဲ့ပါတယ် ။ ၅ယောက်တန်း ခံစစ် ပုံစံနဲ့ ပွဲထိန်းဖို့ လိုခဲ့တယ်လို့ ကျွန်တော် ယူဆခဲ့ပြီး ၊ ကွင်းလယ်နဲ့ ခံစစ်ကို ပိုတောင့်တင်းစေချင်တဲ့ သဘောနဲ့ သူတို့ကို လူစားလဲခဲ့တာပါ ။ တခါတလေမှာ အပြောင်းအလဲတွေက ခင်ဗျား ဖြစ်ချင်တဲ့ အတိုင်း ဖြစ်လာတတ်ပေမယ့် ၊ တခါတလေမှာတော့ အလုပ်မဖြစ်ပါဘူး ။ ”

” ဒီတော့ အလုပ်ဖြစ်အောင် ကြိုးစားပေးခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးရမှာပါ ။ သူတို့ အားလုံး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြပါတယ် ။ အသင်းကို ကူညီပေးဖို့ အသင့်ရှိနေကြပါတယ် ။ လောလောဆယ်မှာ ကျွန်တော်တို့ဟာ အခိုက်အတန့်ကောင်း တရပ်မှာ ရှိနေပေမယ့် ၊ ရှေ့လာမယ့် ပွဲတွေ အတွက် ဆက်လက် အာရုံစိုက်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပေါ်တာ က လူစားဝင်ပြီး စွမ်းဆောင်ရည်ကောင်းခဲ့ကြတဲ့ ဂျော်ဂျင်ဟိုနဲ့ ကော်နာ ဂေါ်လဂါတို့ကိုလည်း ” သူတို့ လုံးဝ ခြေစွမ်းပြခဲ့ကြပါတယ် ။ ဒီအကြောင်းကိုပဲ ကျွန်တော်တို့ တချိန်လုံး ပြောနေကြတာပါ ။ အသင်းသားတိုင်းကတော့ ပွဲထွက်ချင်ကြပါတယ် ။ တခါတလေမှာ ပွဲကို အဆုံးသတ်ပေးတဲ့ ကစားသမားတွေက ပိုပြီး အရေးပါတတ်ပါတယ် ။ ”

” ကျွန်တော် ရှေ့မှာ ပြောခဲ့သလို ၊ ပွဲတွေ ဆက်တိုက်ကန်ဖို့ ရှိနေပြီး ၊ လာမယ့် ဗုဒ္ဓဟူးမှာလည်း ပရီးမီးယားလိဂ်ပွဲ တပွဲ စောင့်ကြိုနေပါတယ် ။ ဒီတော့ အသင်းသားတိုင်းကို ကျွန်တော်တို့ အလိုရှိပါတယ် ။ လက်ရှိ စိန်ခေါ်မှု အပေါ် ကစားသမားတွေရဲ့ တုန့်ပြန်မှုကို ကျွန်တော် ကျေနပ်အားရမှု ရှိပြီး ၊ အရေးကြီးဆုံးက ဘယ်နေရာကပဲဖြစ်ဖြစ် အသင်းအတွက်ဆို ကူညီပေးဖို့ အသင့်ရှိနေဖို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMARA