ဆာလားရဲ့ ဂိုးနဲ့ လက်ရှိချန်ပီယံကို ပထမဦးဆုံး ရှုံးပွဲကြုံစေခဲ့တဲ့ လီဗာပူး ၁-၀ မန်စီးတီး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက မန်စီးတီးကို အန်ဖီးမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်း တအားကို ကောင်းမွန်ခဲ့ပြီး တစ်ဦးချင်း အရည်အသွေး နဲ့ အသင်းလိုက် အရည်အသွေး တွေက ပြောစရာ မလိုလောက်အောင် ပြောင်မြောက်ခဲ့ကာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းလို့ ဆိုရမယ့် မန်စီးတီးကို ထိုက်တန်စွာ အနိုင်ယူပြီး အားလုံးရဲ့ ပွဲမစခင် ခန့်မှန်းချက်တွေကို တက်တက်စင် လွဲစေခဲ့ပါတယ်။

လီဗာပူး ၁-၀ မန္စီးတီး
ဂိုး – ဆာလား ၇၆’

၁~ဆာလားရဲ့ ပါရမီရှင် အခိုက်အတန့်
ဆာလားဟာ လီဗာပူးဂန္တ၀င် တစ်ဦး ဖြစ်ပေမယ့်လည်း ဒီရာသီမှာတော့ ၎င်းကို မှန်ကန်စွာ အသုံးချထားခြင်း မရှိဘဲ အီဂျစ်စတားရဲ့ ပုံစံကောင်း ကလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ ကြားရက်က ရိန်းဂျားနဲ့ပွဲစဉ်မှာ ၎င်းရဲ့ စံချိန်တင် ဟက်ထရစ်ဟာ တကယ့်ကို ကောင်းတဲ့ လက္ခဏာ ဖြစ်ခဲ့ပြီး ဆာလား အနေနဲ့ mojo ကို ပြန်လည် ရှာတွေ့ပြီလို့ ယူဆခဲ့ကြကာ မန်စီးတီးနဲ့ပွဲမှာတော့ ဒါကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆာလားဟာ ဒီပွဲမှာ တအားကို ကောင်းခဲ့ပြီး ၎င်းရဲ့ မြန်နှုန်း ပါဝါတွေနဲ့ မန်စီးတီး ခံစစ်ကို တောက်လျှောက် ပြသနာ ပေးခဲ့ပါတယ်။

အီဂျစ်စတားရဲ့ အကောင်းဆုံး အခွင့်အရေးကို ဒုတိယပိုင်းအစမှာ အီဒါဆင်က အကောင်းဆုံး ကာကွယ်ခဲ့ပေမယ့်လည်း ၇၆ မိနစ်မှာတော့ ဆာလားဟာ အန်ဖီးမှာ သူ့ရဲ့ နောက်ထပ် iconic အခိုက်အတန့်ကို ဖန်တီးခဲ့ပါတယ်။ အလီဆွန် ပေးပို့လိုက်တဲ့ ဘောလုံးကို ဆာလားဟာ ကန်ဆယ်လိုကို နောက်ကောက်ချကာ လှပစွာ ထိန်းယူခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင် အတွေ့မှာ သပ်ရပ်စွာ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဆာလားဟာ တကယ့်ကို big-game player ဖြစ်ပြီး ဒီပွဲစဉ်က ၎င်းရဲ့ အကျိုးပြုမှုဟာ အီဂျစ်စတားရဲ့ ကြီးကြယ်မှုကို ထင်ရှားစေခဲ့ပါတယ်။

၂~ဟာလန်းနဲ့ battle ဆိုင်ရာမှာ အသာရသွားခဲ့တဲ့ ဗန်ဒိုက်
ဗန်ဒိုက်ဟာ ဒီရာသီမှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေတယ်လို့ ဆိုရမှာ ဖြစ်ပြီး မနေ့ကတော့ ဒီရာသီမှာ ဂိုးသွင်းကြမ်းနေတဲ့ ဟာလန်းနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဒါဟာ ၎င်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ နယ်သာလန် ခံစစ်မှုးဟာ ဟာလန်းကို အန်ဖီးမှာ ဂိုးမသွင်းနိုင်အောင် တားဆီးနိုင်ခဲ့ပြီး ဒါဟာ ဒီရာသီ ၎င်းရဲ့ အကောင်းဆုံး ပုံစံ ဖြစ်ခဲ့ပါတယ်။ အရင်ဗန်ဒိုက်ကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ပြိုင်ဘက်ကို လွှမ်းမိုးမှု ၊ ခေါင်းတိ်ုက်ဘောတွေ အသာရမှု ၊ ကောင်းမွန်တဲ့ pressing ၊ ခံစစ်ကို တည်ငြိမ်အောင် ဦးဆောင်ပေးမှုတွေ အပြင် မန်စီးတီးရဲ့ final pass တွေကိုလည်း ဒိုင်ခံ ရှင်းထုတ်ပစ်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ဖြတ်တင်ဘောကို ဂိုးရှေ့ကနေ ခေါင်းထုတ် ရှင်းထုတ်ခဲ့မှု ကတော့ ဒီပွဲစဉ်မှာ ၎င်းရဲ့ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

၃~မထင်မှတ်ဘဲ တောက်ပခဲ့တဲ့ ကစားသမား ၃ ဦး
ကိုနာတေး နဲ့ အလက်ဇန်းဒါးအာနိုးတို့ ကြံ့ခိုင်မှု မပြည့်တာကြောင့် ကလော့ဟာ ညာနောက်ခံလူ အဖြစ် သုံးနေတဲ့ ဂိုးမက်ဇ် ဗဟိုခံစစ်ပို့ကာ မီနာကို ညာနောက်ခံလူ အဖြစ် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာလည်း ဟန်ဒါဆန် အစား အယ်လီယော့ကို ရွေးချယ်ခဲ့ပါတယ်။ ဒီကစားသမား ၃ ဦးစလုံးဟာ လီဗာပူး အတွက် တောက်ပခဲ့ကြပြီး မီနာဟာ တကယ့်ကို အန္တရာယ်များလှတဲ့ ဖိုဒန်ကို ၎င်းရဲ့ လုံ့လ တိုက်ပွဲ၀င်မှု ပြင်းထန်တဲ့စိတ်ဓာတ်တွေ အသုံးချကာ အသာစီး ရယူခဲ့ပါတယ်။ ဂိုးမက်ဇ်ကလည်း Man of the Match ရတဲ့ အထိ ဟာလန်း ဦးဆောင်တဲ့ မန်စီးတီး တိုက်စစ်ကို အကောင်းဆုံး ခုခံ ကစားသွားခဲ့ပါတယ်။

ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန် နေရတဲ့ အပြင် ဒီရာသီမှာ ကြီးမားတဲ့ အမှားတွေ ကျူးလွန်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ဂိုးမက်ဇ် အတွက် ဒီဆုဟာ တကယ့်ကို ယုံကြည် အားကောင်းသွားစေမှာပါ။ အသက် ၁၉ နှစ်အရွယ် အယ်လီယော့ ကလည်း စီနီယာ ကစားသမားတွေနဲ့ အကောင်းဆုံး တွဲဖက်ကာ သူ့ရဲ့ အရည်အသွေးကို ချပြခဲ့ပြီး ဒီရာသီမှာ ဟန်ဒါဆန် မပေးနိုင်တဲ့ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှု အပြင် ခံစစ်ကိုလည်း အကောင်းဆုံး ကူညီပေးခဲ့ပြီး ၎င်းရဲ့ ခံစစ်စွမ်းရည် အပေါ် သံသယတွေ ရှိနေတဲ့ သူတွေ အပေါ်လည်း နှုတ်ဆိတ်စေခဲ့ပါတယ်။

၄~ကလော့နဲ့ဂွာဒီယိုလာ တို့ရဲ့ အန်ဖီး ဒေါသ
ဆာလားရဲ့ လွဲချော်မှု အပြီး ၅ မိနစ် အကြာမှာ ဖိုဒန်က မန်စီးတီး အတွက် ဂိုးသွင်းယူခဲ့ပေမယ့်လည်း ဟာလန်းဟာ build-up မှာ ဖာဘင်ညိုကို ဆွဲထားခဲ့တာကြောင့် VAR ရဲ့ ကြား၀င်မှုနဲ့အတူ ဂိုးကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီနောက် ပက်နဲ့ နည်းပြအဖွဲ့၀င်တွေဟ အတော်လေး ဒေါသထွက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဒီနှစ်သင်း တွေ့ဆုံခဲ့ရာမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ အခိုက်အတန့်ကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။ စီးတီး အတွက် အသေးစား နှစ်သိမ့်မှု ကတော့ ဒီအဖြစ်အပျက် အပြီး သိပ်မကြာမီမှာပဲ ဂျိုတာဟာ အပိုင်ခေါင်းတိုက်ချက်ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

စီးတီးတို့ ချေပဂိုးရဖို့ တွန်းအားပေးလာချိန်မှာ အန်ဖီးကွင်းထဲက တင်းမာမှုတွေက မြင့်တက်လာခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ်မှာ ဘာနာဒိုရဲ့ challenge ကြောင့် ဆာလား လဲကျသွားခဲ့ပေမယ့် foul မပေးခဲ့တဲ့ အပေါ် လီဗာပူး နည်းပြဟာ ကွင်းဘေးစည်းမှာ ပြေးလွှားကာ ပေါက်ကွဲခဲ့ပြီး ဒီအဖြစ်အပျက်ကို မမြင်ခဲ့တဲ့ linesman ကိုလည်း အနီးကပ် အော်ဟစ် ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ကွင်းလယ်ဒိုင် အန်သိုနီတေလာဟာ ပွဲကို ခတ္တရပ်ကာ ကလော့ကို အနီကတ်နဲ့ ထုတ်ပယ်ရန် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီအချိန်မှာ နှစ်ဘက်အသင်းသားတွေကြား အချင်းများမှုတွေ ရှိခဲ့ပြီး အထူးသဖြင့် ဘာနာဒိုဟာ ဆာလား ဗန်ဒိုက် တို့နဲ့ စကားတွေ များနေခဲ့ပါတယ်။ စီးတီးဟာ ချေပဂိုး ရဖို့ အကောင်းဆုံး လုပ်ခဲ့ပေမယ့်လည်း လီဗာပူးရဲ့ နိုင်ပွဲကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

၅~အန်ဖီးရဲ့ နောက်ထပ် စပယ်ရှယ်နိုင်ပွဲ
လီဗာပူးဟာ ဒီရာသီမှာ ရုန်းကန်နေရတဲ့ အပြင် မန်စီးတီး ကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေတာကြောင့် ဒီပွဲစဉ် မတိုင်မီ တကယ့်ကို အောက်အသင်း ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ပွဲအစ ကနေ အဆုံး ပြိုင်ဘက်ကို High pressing တွေနဲ့ သူတင်ကိုယ်တင် ယှဉ်ပြိုင် ကစားသွားခဲ့ပြီး နောက်ဆုံးမှာတော့ ကလော့ရဲ့ လက်ထက် မမေ့နိုင်စရာ ပွဲတွေထဲက တစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း အငြင်းပွားဖွယ်အဖြစ်အပျက် ၊ ဒရမ်မာဆန်တဲ့ အခိုက်အတန့် နဲ့ မြင့်မားတဲ့လှတဲ့ ဘောလုံးကစားဟန်တွေကို မြင်ခဲ့ရပြီး ဒီထက် ပိုကောင်းတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဆိုတာ သိပ်ပြီး များများစားစား မရှိပါဘူး။

ပြီးခဲ့တဲ့ လတွေအတွင်း လီဗာပူးရဲ့ “Mentality Monsters” ဆိုတဲ့ ဂုဏ်ဟာ မေးခွန်းထုတ်မှုတွေ ခံခဲ့ရပေမယ့် စီးတီးနဲ့ ပွဲမှာတော့ ဒါကို ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။

ရိန်းဂျားကို ၇-၁ နဲ့ နိုင်ခဲ့မှုဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လှမ်းတဲ့ ပထမခြေလှမ်းဆိုရင် ဒီနိုင်ပွဲကတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

SM