ဂန်းနားတို့ ထိပ်ဆုံးကနေ လေးမှတ်ဖြတ် ဦးဆောင်လိုက်နိုင်တဲ့ လိဒ်ယူနိုက်တက် ၀-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

Super Sunday ရဲ့အစောဆုံး ပွဲစဉ်တွေထဲကတစ်ပွဲ ဖြစ်တဲ့ လိဒ်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းပွဲမှာတော့ အာဆင်နယ် အသင်းဟာ ဆာကာ ရဲ့ သွင်းဂိုး နဲ့ အနိုင် ရရှိသွားခဲ့ပါတယ် ။ တစ်ဖက်မှာလည်း မန်စီးတီး အသင်းဟာ လီဗာပူး အသင်းကို အရေးနိမ့် သွားခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ ထိပ်ဆုံးကနေ မန်စီးတီး အသင်းကို လေးမှတ် အထိ ဖြတ်ထား နိုင်ခဲ့ပါပြီ ။

လိဒ်ယူနိုက်တက် ၀-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကတော့

၁ ။ မိနစ် ၄၀ ကြာ ရပ်နားခဲ့ရတဲ့ပွဲ

Ellan Road မှာ ကစားခဲ့တဲ့ လိဒ်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်း ပွဲဟာ ကွင်းအတွင်း လျှပ်စစ်မီး ချို့ယွင်း ပြတ်တောက်မှုကြောင့် မိနစ် ၄၀ နီးပါး အထိ ရပ်နား ခဲ့ရပါတယ် ။ ပွဲအစပိုင်းမှာကတည်းက ကွင်းလယ် ဒိုင်လူကြီး ကာဗာနက်ဂျ် ဟာ တခြားဒိုင်တွေ နဲ့ ဆက်သွယ်၍ မရ ဖြစ်နေတာကြောင့် ပွဲကို ရပ်နားခဲ့ရပြီး ကစားသမားတွေကို အဝတ်လဲခန်း အတွင်း ပြန်သွားစေခဲ့ပါတယ် ။

beIN Sports ရဲ့ ဝေဖန်သုံးသပ်သူ ရစ်ချတ်ကီး နှင့် အာဆင်နယ် ပရိသတ် ပီယာစ့်မော်ဂန် တို့ကတော့ ဘောလုံးပွဲတွေဟာ နည်းပညာ အပေါ် မှီခိုလွန်း အားကြီးနေတဲ့ အပေါ် လုံးဝ သဘောမကျကြောင်း ဝေဖန် ခဲ့ကြပါတယ် ။

၂ ။ On fire ဖြစ်နေတဲ့ ဆာကာ

ရာသီအစတုန်းက အထနှေး နေခဲ့ပြီး ၁၀ ပွဲ ကစားရာမှာ သွင်းဂိုး တစ်ဂိုး ပဲ ရခဲ့တဲ့ ဆာကာ ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ဂိုးတွေ တောက်လျှောက် သွင်းပြ နေပါတယ် ။ ဆာကာ ဟာ လီဗာပူး နဲ့ ပွဲမှာ ၂ ဂိုး ၊ ဘိုဒိုဂလင့် နဲ့ ပွဲမှာ ၁ ဂိုး ၊ အခု လိဒ်ဘက်ကို ၁ ဂိုးသွင်းပြီး ၃ ပွဲဆက် ဂိုးသွင်း ထားနိုင်ပါတယ် ။ ဆာကာ ဟာ လိဒ် နဲ့ ပွဲမှာ သူ့ရဲ့ညာခြေနဲ့ ထောင့်ကျဉ်း ထဲကို ရအောင် ကန်သွင်းပြီး ဂိုးသွင်းယူ သွားခဲ့တာ ဖြစ်ပါတယ် ။

ဆာကာ ဟာ ၂၀၂၂ ခုနှစ်အတွင်း သွင်းဂိုး၁၀ ဂိုး ၊ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပြီး တခြား အာဆင်နယ် ကစားသမားတွေ အားလုံးထက် သာလွန်နေပါတယ် ။ ဆာကာ ဟာ နည်းပြ အာတေတာ လက်အောက်မှာ သွင်းဂိုး ၂၆ ဂိုး ၊ ဂိုးဖန်တီးမှု ၂၄ ကြိမ် နဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှု ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ် ။

၃ ။ မှော်ဝင် လက်စွမ်းပြခဲ့တဲ့ ရမ်စ်ဒေးလ်

အာဆင်နယ် အသင်း ရဲ့ နိုင်ပွဲမှာ အဓိက ကျခဲ့သူကတော့ ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ပါပဲ ။ အာဆင်နယ် ကစားသမားတွေ အားလုံးနီးပါး ပုံမှန် ခြေစွမ်းအောက် ရောက်နေကြချိန်မှာ ရမ်စ်ဒေးလ် က အသင်းကို ကယ်တင် ပေးခဲ့တာပါ ၊ ဘန့်ဖိုဒ့် နဲ့ တစ်ဦးချင်း တွေ့တဲ့ အနေအထားတွေမှာ ဂိုးမပေးရအောင် ကာကွယ် ပြခဲ့ပြီး အာရွန်ဆင် ရဲ့ကန်ချက်ကိုလည်း လက်စွမ်းပြ ကာကွယ် ခဲ့ပါတယ် ။ ရမ်စ်ဒေးလ် ဟာ ဒီရာသီမှာ Clean-Sheet ၄ ပွဲ ရယူထားနိုင်ပြီး လေးပွဲစလုံးဟာ အဝေးကွင်း မှာ ရခဲ့တာဖြစ်ပါတယ် ။

၄ ။ VAR အကူအညီ ယူခဲ့ရတဲ့ အခိုက်အတန့်များ

ဒရမ်မာ မျိုးစုံ နဲ့ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားစေခဲ့တဲ့ ပွဲဖြစ်တာနဲ့ အညီ VAR အကူအညီ ယူခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ် ။ လိဒ်ယူနိုက်တက် အသင်း ရရှိခဲ့တဲ့ ပင်နယ်တီ ဟာ VAR ပြန်ကြည့်ပြီးမှ ခွင့်ပြု ခဲ့တာ ဖြစ်ပါတယ် ၊ အဆိုပါ ပင်နယ်တီကို ဘန့်ဖိုဒ့် ဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။

ပွဲပြီးခါနီးမှာလည်း ဒိုင်လူကြီး ဟာ ဂါဘရီယဲလ် ကို အနီကဒ် နဲ့ ထုတ်ပယ်ပြီး လိဒ်ယူနိုက်တက် အသင်းကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့ပေမယ့် အာဆင်နယ် အသင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် VAR ပြန်ကြည့် ပေးခဲ့ပါတယ် ။ VAR ပြန်ကြည့် အပြီးမှာတော့ ဂါဘရီယဲလ် ရဲ့ အနီကဒ် ကို အဝါကဒ် အဖြစ် ပြောင်းလဲ ခဲ့သလို ပင်နယ်တီကိုလည်း ပယ်ဖျက် ပေးခဲ့ပါတယ် ။

၅ ။ စံချိန် မှတ်တမ်းသစ်တွေ နဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံး အကြိမ် အဖြစ် ရာသီ အဖွင့် ၁၀ ပွဲမှာ ၉ ပွဲ အထိ အနိုင် ရခဲ့တာပါ ။ ဒ့ါအပြင် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့် ၁၀ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၉ ပွဲ အထိ ရှာဖွေ နိုင်တဲ့ ခြောက်သင်းမြောက်လည်း ဖြစ်လာပါတယ် ။

အာဆင်နယ် အသင်း မတိုင်ခင် အဖွင့် ၁၀ ပွဲမှာ နိုင်ပွဲ ၉ ပွဲ အထိ ရခဲ့ဖူးတဲ့အသင်းတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ။

▪️Newcastle United (95/96)
▪️Chelsea (05/06)
▪️ Manchester City (11/12)
▪️ Liverpool (19/20)
▪️ Manchester City (17/18)

အဆိုပါ အသင်း ငါးသင်းမှာ နယူးကာဆယ် အသင်းကလွဲလို့ ကျန်အသင်းတွေ အားလုံးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ကြပါတယ် ။

SM