ကီပါ မှော်ဝင် လက်စွမ်းပြခဲ့တဲ့ ဗီလာ ၀ – ၂ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ညက ကစားခဲ့တဲ့ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချဲလ်ဆီး အသင်းဟာ အိမ်ရှင် အက်စ်တွန် ဗီလာ အသင်းကို ၀ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ထိုပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 9 )

ပွဲချိန် ၂၁မိနစ်က ၃ကြိမ်ဆက် ကာကွယ်မှု ၊ ဒန်နီအင့်စ်ရဲ့ အပိုင် ခေါင်းတိုက်ချက်ကို ဂိုးစည်းပေါ်က ကာကွယ်မှုတွေမှာ ကီပါရဲ့ လက်စွမ်းကို ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး ။ ဒါ့အပြင် နောက်ထပ် အရေးပါတဲ့ ကာကွယ်မှုတွေလည်း လုပ်ခဲ့တာကြောင့် ချဲလ်ဆီး အတွက် ကီပါ ယူပေးတဲ့ ၃မှတ်လို့တောင် ယေဘူယျ ဆိုနိုင်ပါတယ် ။

နောက်တန်း – ထရက်ဗာ ချာလိုဘာ ၊ သီယာဂို ဆေးလ်ဗား ( Rating – 6 ) ၊ မာ့ခ်ကူကူရယ်လာ ( Rating – 4 )

ဂရေဟမ် ပေါ်တာဟာ မနေ့ညက ပွဲမှာ ချဲလ်ဆီး နည်းပြ လက်ထက် ပရီးမီးယားလိဂ် ပွဲတပွဲ အတွက် ၃ယောက်တန်း ခံစစ် ချဉ်းကပ်မှု ပထမဆုံး အကြိမ် လုပ်ခဲ့ပေမယ့် ၊ ဘယ်ခြမ်းက ကူကူရယ်လာဖက်က အရမ်း အားနည်းခဲ့ပါတယ် ။ ဒီအတွက်ကြောင့်လည်း ပထမပိုင်းမှာ ချဲလ်ဆီးတို့ အိမ်ရှင် ဗီလာရဲ့ တိုက်စစ်ဆင်မှုကို အလူးအလဲ ခံခဲ့ရတာ ဖြစ်ပါတယ် ။

ကူကူရယ်လာ ဟာ ဘယ်ခံစစ်မှူးထက် wing-back နေရာပဲ ပိုပြီး အလုပ်ဖြစ်တယ် ဆိုတာ ဒီပွဲက ဆက်လက် သက်သေပြခဲ့ပြီး ၊ ၄င်းရဲ့ ဆုံးဖြတ်ချက် တုန့်ဆိုင်းနေမှု ၊ ခံစစ်မှူး တဦး အနေနဲ့ အန္တရာယ်ကို ကြိုမမြင်နိုင်ခြင်းတွေက ဒီပွဲမှာ ကီပါကို မဖြစ်မနေ လက်စွမ်းပြဖို့ တောင်းဆိုခဲ့ရသလို ဖြစ်ခဲ့ပါတယ် ။

ပုံမှန်အားဖြင့် ခြေစွမ်း တည်ငြိမ်လေ့ရှိတဲ့ သီယာဂို ဆေးလ်ဗားကတော့ ဒီပွဲမှာ မဆိုစလောက် အားနည်းမှုတွေ ရှိခဲ့ပေမယ့် ၊ အသက်အရွယ်နဲ့ ကြံ့ခိုင်မှု မလိုက်အောင် ပွဲတွေ ဆက်တိုက် ကစားပေးနိုင်တာပဲ ချဲလ်ဆီး အတွက် ကံကောင်းလှပြီလို့ သုံးသပ်ရမှာ ဖြစ်ပါတယ် ။

နောက်ဆုံး ၃ပွဲဆက် ပြန်ပြီး ပွဲထွက်နိုင်ခဲ့တဲ့ ချာလိုဘာကတော့ သူ့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းထားပြီး ၊ ရိစ်ဂျိမ်းစ် မပါတဲ့ ညာခြမ်းမှာ ခံစစ် အတွက် ပိုအလုပ်လုပ်ခဲ့ရပါတယ် ။ သို့ပေမယ့် များသောအားဖြင့် ၄င်းဟာ ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်စ်ကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ရာဟင်း စတာလင် ( Rating – 5 ) ၊ ရူဘင် လော့ဖ်တပ်စ်ခ်ျ ( Rating – 7 ) ၊ မေဆင်မောင့် ( Rating – 8 ) ၊ မတ်တီယို ကိုဗာဆစ် ၊ ဘန်ချေဝဲလ် ( Rating – 6 )

ခံစစ်က ၃ယောက်တန်း ဖြစ်ပေမယ့် ရိစ်ဂျိမ်းစ် မပါဝင်တဲ့ ညာ wing-back ကဏ္ဍက အတော်လေး အသက်မဲ့ခဲ့ပြီး ၊ စတာလင် ဟာ ဂရေဟမ် ပေါ်တာ ရည်ရွယ်တဲ့ in and out wing-back role မှာ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး ။ ပွဲချိန် အများစုမှာ စတာလင်ဟာ ခံစစ်ကို အကူအညီ မပေးနိုင်ခဲ့သလို ၊ ပထမပိုင်း ပြီးခါနီး ကန်ချက် ဘားထိခဲ့တာလွဲပြီး ၊ တိုက်စစ်မှာလည်း ယောင်ချာချာ လိုက်နေခဲ့ပါတယ် ။

ဘယ် wing-back နေရာက ချေဝဲလ်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့ပြီး ၊ ရံဖန်ရံခါ ကူကူရယ်လာကြောင့် လွတ်နေတဲ့ ဘယ်ခြမ်း တောင်ပံကို အတတ်နိုင်ဆုံး ဖြည့်ကစားပေးခဲ့ရပါတယ် ။ တိုက်စစ် အတွက် လိုက်ပါတာ သိပ်အများကြီး မရှိပေမယ့် ချေဝဲလ်ရဲ့ solid ပွဲတပွဲလို့ ပြောရမှာ ဖြစ်ပါတယ် ။

ကွင်းလယ် အတွဲက အနည်းငယ် ခန့်မှန်းရ ခက်ပေမယ့် ၊ များသောအားဖြင့် ကိုဗာဆစ်နဲ့ လော့ဖ်တပ်စ်ချိခ်တို့က double pivot နဲ့ ကစားခဲ့ပါတယ် ။ မောင့်ကလည်း ဘောလုံး ခြေထဲမရှိတဲ့ အချိန်တွေမှာ ကွင်းလယ် အတွင်း အထိ ဆင်းကူပေးခဲ့တာကို တွေ့ရပါတယ် ။

တဦးချင်း ထိုးဖောက်မှုတွေ လုပ်နိုင်တဲ့ ကိုဗာဆစ် က တကိုယ်တော် ပုံစံ ကျော်ဖြတ်တာမျိုး ခပ်စိတ်စိတ် မလုပ်နိုင်ခဲ့ပေမယ့် ၊ အသင့်အတင့် အားကောင်းတဲ့ ကစားအားကို ပြသသွားခဲ့ပါတယ် ။ လော့ဖ်တပ်စ်ချိခ်ကတော့ ဒီခြေအတိုင်းဆို ဆာရီ လက်ထက်က ခြေစွမ်းမျိုး ပြန်ရနေပြီလို့ သုံးသပ်ရမှာ ဖြစ်ပါတယ် ။ ၄င်းရဲ့ကစားပုံ က ချော့မွေ့မှု ရှိလာပြီး ၊ တည်ငြိမ်တဲ့ ခြေစွမ်းက ချဲလ်ဆီး ကွင်းလယ်ကို အတိုင်းအတာ တရပ် အထိ ကျစ်လျစ်စေခဲ့ပါတယ် ။

မောင့်ကတော့ ကီပါလိုပဲ Man of the Match ဖြစ်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ၊ ဂိုးရနိုင်တဲ့ အခိုက်အတန့် ၂ရပ်လုံးကို အမှားအယွင်း မရှိပဲ အဆုံးသတ်ပြခဲ့ကာ ၊ ဒီရာသီ အတွက် ပရီးမီးယားလိဂ်ဂိုးတွေ စရခဲ့ပါတယ် ။ ဒါ့အပြင် အူဘားမီးယန်း ၊ စတာလင် ၊ ဟာဗက်ဇ်တို့ အတွက်လည်း ဂိုးဖန်တီးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။

တိုက်စစ် – ကိုင်ဟာဗက်ဇ် ( Rating – 5 ) ၊ ပီယာအမ်းမရစ် အူဘားမီးယန်း ( Rating – 4 )

အဖွင့်ဂိုး စောစောစီးစီး ရခဲ့တဲ့ အပြင် ကစားပုံကပါ မကောင်းခဲ့တာကြောင့် ၊ ဒီပွဲမှာ ချဲလ်ဆီးရဲ့ တိုက်စစ် အခန်းကဏ္ဍ နည်းပါးခဲ့ပါတယ် ။ ဟာဗက်ဇ်ဟာ ဒီပွဲမှာ နောက်ချန် တိုက်စစ်မှူး အနေနဲ့ ကစားခဲ့ပြီး ၊ ဘောလုံး လက်ခံယူတဲ့ နေရာမှာ အမှားအယွင်း နည်းခဲ့ပေမယ့် ၊ အူဘားမီးယန်းနဲ့ ၄င်းအကြားမှာ နားလည်မှု လွတ်နေတာကို တွေ့ရပါတယ် ။

ပွဲထွက်ခွင့် ရခဲ့တဲ့ ရှေ့၃ပွဲဆက် ဂိုးပေါက် တွေ့ထားတဲ့ အူဘားမီးယန်းကတော့ မနေ့က ပွဲမှာ ဂိုးပေါက်နဲ့ လုံးဝ နီးစပ်မှု မရှိခဲ့သလို ၊ ကွင်းလယ်ထိဆင်းပြီး ဘောလုံး လက်ခံယူဖို့ ကြိုးစားရင်း နောက်ပြန်ပေးပုံ လွဲခဲ့လို့ အသင်းကို ဆေးထိုးခဲ့မလိုတောင် ဖြစ်ခဲ့ပါတယ် ။ အလုပ်မဖြစ်ခဲ့တာကြောင့် အူဘားမီးယန်း တယောက် စောစောစီးစီ လူစားလဲခံခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ – ကာလီဒူ ကူလီဘာလီ ( Rating – 7 ) ၊ ဆီဆာ အက်ဇ်ပီလီကွီတာ ၊ ကော်နာ ဂေါ်လဂါ ၊ ဂျော်ဂျင်ဟို ( Rating – 6 ) ၊ အာမန်ဒို ဘရိုဂျာ ( N/A )

ဒုတိယပိုင်း ပေါ်တာရဲ့ နည်းစနစ်တွေက ပွဲအပေါ် အများကြီး သက်ရောက်မှု ရှိခဲ့ပြီး ၊ ခံစစ်နဲ့ ကွင်းလယ်ကို ပိုမို တည်ငြိမ်စေခဲ့ပါတယ် ။ အထူးသဖြင့် ကူလီဘာလီကြောင့် ဗီလာဟာ ဒုတိယပိုင်းမှာ ဘာဆိုဘာမှ မထိုးဖောက်နိုင်ခဲ့သလို ၊ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုး ရအပြီးမှာ ပွဲက ပြီးသလောက် ရှိခဲ့ပါတယ် ။

SPORTS MYANMAR