အူဘားမီးယန်းကို ခေါ်ယူခဲ့ခြင်းဟာ ချဲလ်ဆီး အတွက် အချိန် သက်သက် ဖြုန်းတာနဲ့ တူနေတယ်လို့ သုံးသပ်လိုက်တဲ့ အန်ဒီ တောင်ဆန်

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် Deadline Day မှာ ဘာစီိလိုနာကနေ ချဲလ်ဆီးသို့ ယူရို ၁၂သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါဘွန် ဝါရင့်တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းဟာ အသင်းသစ်နဲ့ အတူ ဂိုးမြူးနေပြီး ၊ နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ၃ပွဲဆက် ဂိုးသွင်းထားပေးပါတယ် ။

မနှစ်က နွေရာသီမှာ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပေမယ့် ၊ အလုပ်မဖြစ်ခဲ့တာကြောင့် အာဆင်နယ် တိုက်စစ်မှူးဟောင်း အူဘားမီးယန်းကို တိုက်စစ်အတွက် ယာယီ ဖြေရှင်းချက် အနေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။

လောလောဆယ်မှာ အူဘားမီးယန်းဟာ ချဲလ်ဆီး အသင်းဖော်သစ်တွေ ဖြစ်ကြတဲ့ ရာဟင်း စတာလင် ၊ မေဆင်မောင့် ၊ ရိစ်ဂျိမ်းစ် အစရှိတဲ့ ကစားသမားတွေနဲ့ အချိတ်အဆက် မိနေပေမယ့် ၊ ဘောလုံးမှာ အပြောင်းအလဲတွေက လျင်လျင်မြန်မြန် ဖြစ်ပေါ်တတ်တာကြောင့် ၊ ကာတာ ကမ္ဘာ့ဖလား နောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အန်ဒီ တောင်ဆန် က အူဘားမီးယန်း ဟာ လက်ရှိမှာ ဂိုးမြူးနေလို့ ချဲလ်ဆီးရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ၊ ၄င်းရဲ့ ကစားပုံဟာ သွက်လက်ဖျတ်လတ်မှု မရှိတာကြောင့် ချဲလ်ဆီး အတွက် အချိန်ဖြုန်းခြင်းနဲ့ တူနေကြောင်း သုံးသပ်ခဲ့ပါတယ် ။

တောင်ဆန် က ” ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင် ။ အူဘားမီးယန်းဟာ အာဆင်နယ်မှာ နောက်ဆုံး ကစားခဲ့တုန်းက လမ်းလျှောက်တဲ့ပုံစံနဲ့ ဘောလုံး ကစားခဲ့တာပါ ။ အဲဒီတုန်းက အာဆင်နယ်ရဲ့ ပွဲတွေကို ကျွန်တော် ကြည့်မိတိုင်း သူ ဘယ်တော့မှ ပြေးပြေးလွှားလွှား ကစားနေတာမျိုး မမြင်ခဲ့ရပါဘူး ။ ”

” သူဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ၊ အံ့သြဖွယ် သွင်းဂိုးမှတ်တမ်းကို ပိုင်ဆိုင်ထားတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ အင်နဲ့အားနဲ့ ကြိုးစားမကစားဘူးဆိုရင် မော်ဒန်ခေတ် ပရီးမီးယားလိဂ်မှာ လာအချိန်ဖြုန်းနေတာနဲ့ တူပါတယ် ။ ”

” ချဲလ်ဆီးမှာ အသက်ကြီး ကစားသမား အနေနဲ့ ချန်လှပ်ခံခဲ့ရရင် အူဘားမီးယန်း တယောက် ဒါကို ဘယ်လို အဓိပ္ပာယ် ဖွင့်မှာလဲ ? အဲလို အချိန်မှာ သူ့ရဲ့ တုန့်ပြန်မှုကို မြင်ရဖို့ ကျွန်တော် အရမ်း စိတ်ဝင်စားမိပါတယ် ။ ချဲလ်ဆီးမှာလည်း တကွေ့ကွေ့မှာ သူ ထူးထူးခြားခြား မစွမ်းဆောင်နိုင်တဲ့အခါမျိုးတွေ ကြုံလာရမှာပါ ။ ”

” အဲလိုမျိုးဆိုရင် သူ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံရနိုင်ပါတယ် ။ ဂရေဟမ် ပေါ်တာကလည်း အသင်းကို မွှေနှောက် စစ်ထုတ်ဖို့ ကြိုးစားနိုင်သလို ၊ တိုက်စစ်မှာ အင်တိုက်အားတိုက် ကစားပေးနိုင်မယ့်သူတွေကို ပိုပြီး အလိုရှိတဲ့ အခိုက်အတန့်မျိုးတွေ ကြုံလာရနိုင်ပါတယ် ။ ”

” အူဘားမီးယန်းဟာ ဂိုးတွေ သွင်းပေးနေလို့ လောလောဆယ်တော့ ချဲလ်ဆီး အတွက် အရေးကြီးတဲ့ ကစားသမား တဦး အဖြစ် ရပ်တည်နေပါတယ် ။ ဒါပေမယ့် အခြေအနေတွေက လက်ရှိပုံစံနဲ့ ကွဲလွဲသွားခဲ့ရင် ဘာတွေ ဆက်ဖြစ်မှာလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စားမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR