အာဆင်နယ် အသင်း ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရပ်တည် နေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေတော့ လုံးဝ မရှိကြောင်း လီဗာပူး ကစားသမားဟောင်း စတန် ကော်လီမိုး က ပြောကြား လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၅ ပဲ ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ကပ်လွဲ ခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၉ ပွဲ ကစား ၈ ပွဲ အနိုင်ရထားပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း အုပ်စု ၃ ပွဲ ကစား ၃ ပွဲအနိုင် နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပါတယ် ။

ကော်လီမိုး ကတော့ အာဆင်နယ် အသင်း ရာသီကုန်မှာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည် နိုင်မယ်လို့ မထင်ကြောင်း သုံးသပ်လိုက်ပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကပဲ ချန်ပီယံဆုကို ထပ်မံ ရယူ သွားနိုင်လိမ့်မယ်လို့ ဆိုပါတယ် ။

ကော်လီမိုး က CaughtOffside မှာ ” ဒီတစ်ပတ် ကစားမယ့် လီဗာပူး နဲ့ မန်စီးတီး ပွဲက ပက်ဂွာဒီယိုလာ ရဲ့ နေ့ ဖြစ်ပါလိမ့်မယ် ။ စီးတီး အနေနဲ့ ပွဲအစကနေ ပွဲအဆုံးထိ လီဗာပူး ကို ထိန်းချုပ် ကစားသွားပါလိမ့်မယ် ၊ အခုပုံစံအရ သူတို့ကို အနိုင်ယူနိုင်မယ့် အသင်း မရှိတဲ့ပုံပေါ်ပါတယ် ။ ”

” လီဗာပူး အသင်း အပြတ်သတ် အရေးနိမ့်မယ်လို့တော့ ကျွန်တော် မပြောချင်ပါဘူး ၊ ဒါပေမယ့် မန်ချက်စတာ စီးတီး အတွက် အခက်အခဲ မယ်မယ်ရရ မရှိဘဲ သက်သောင့်သက်သာ နိုင်ပွဲ ရယူ နိုင်မယ့်ပွဲမျိုး ဖြစ်မှာပါ ။ ”

” ကျွန်တော့် ခန့်မှန်းချက် အတိုင်းသာ ဖြစ်လာခဲ့ရင် မန်ချက်စတာ စီးတီး အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၇ ကြိမ်မြောက် ကိုင်မြှောက်နိုင်မယ် ဆိုတဲ့ လက္ခဏာ ပြသလိုက်တာပါပဲ ။ ”

” အာဆင်နယ် အသင်း လုပ်နိုင်တဲ့ အရာအပေါ် ပရိသတ် အချို့က စိတ်လှုပ်ရှား ရင်ခုန် နေကြတာနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည် ပေးလို့ ရပါတယ် ။ ဒါပေမယ့် မနှစ်က မန်စီးတီး နဲ့ လီဗာပူး နှစ်သင်း ပွဲစဉ် ၃၈ အထိ ယှဉ်ပြိုင် ကစားခဲ့ကြသလိုမျိုး အာဆင်နယ် အသင်း လုပ်နိုင်မယ်လို့တော့ လုံးဝ မထင်ပါဘူး ၊ သူတို့ အတွက် အခွင့်အ​ရေး မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနေ့ည မြန်မာ စံတော်ချိန် ၇ နာရီ မိနစ် ၃၀ မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အဖြစ် လိဒ်ယူနိုက်တက် အသင်း ရဲ့ အိမ်ကွင်း မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။

SM