အာဆင်နယ် အသင်းဟာ မန်စီးတီး ရဲ့ချန်ပီယံ ပြိုင်ဘက် အသင်း ဖြစ်နေပြီလို့ အခိုင်အမာ ဆိုလိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ကလီဗာလေ က အာဆင်နယ် အသင်းဟာ ဒီရာသီမှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို စိန်ခေါ် နိုင်စွမ်း ရှိတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ် ကလပ် ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်း နဲ့ မန်စီးတီး နှစ်သင်းစလုံးဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ ကို ရလဒ်ကောင်းတွေနဲ့ စတင်ထားနိုင်တဲ့ အသင်းတွေပါ ။ အာဆင်နယိ အသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားအပြီးမှာ ၈ ပွဲ အထိ အနိုင်ရအောင် ကစားထားနိုင်ပြီး အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရပ်တည် နေနိုင်ပါတယ် ။

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာလည်း ၇ ပွဲနိုင် ၂ ပွဲ သရေ နဲ့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ် ။ နှစ်သင်းစလုံးဟာ ပြည်တွင်း ပြိုင်ပွဲမှာသာမက ဥရောပပြိုင်ပွဲမှာလည်း ရလဒ်ကောင်းတွေ ရနေကြပါတယ် ။ မန်စီးတီး အသင်းဟာ ချန်ပီယံလိဂ် အုပ်စု ၄ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင် ၁ ပွဲသရေ နဲ့ အဆင့် ၁ မှာ ရပ်တည် နေပါတယ် ။

အာဆင်နယ် အသင်းကတော့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အုပ်စု ထိပ်ဆုံး အသင်း ဖြစ်နေပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိ ဝက်ဖိုဒ့် အသင်းမှာ ကစားနေတဲ့ ကလီဗာလေ က အာဆင်နယ် အသင်းဟာ မန်စီးတီး ကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်နေပြီလို့ Sky Bet မှာ ရှင်းပြ သွားခဲ့ပါတယ် ။ ”

” လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ မန်ချက်စတာစီးတီး အသင်းရဲ့ ချန်ပီယံ အိပ်မက်ကို စိန်ခေါ်ဖို့ အခွင့်အရေး အကောင်းဆုံး ရှိနေတဲ့ အသင်းပါပဲ ။ အန်တိုနီယို ကွန်တီ က ထိပ်တန်း နည်းပြ တစ်ဦးပါ ၊ ဒါပေမယ့် သူတို့ရဲ့ ကစားပုံက ချန်ပီယံလိဂ် တစ်နေရာစာလောက်ကိုပဲ စိန်ခေါ်နိုင်မယ့်ပုံပေါက်ပါတယ် ။ ”

” အာဆင်နယ် က စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသင်း ဖြစ်နေပါပြီ ၊ သူတို့က ယုံကြည်မှု အပြည့် ရှိနေကြပါပြီ ၊ ကြံ့ခိုင်မှု အားကောင်းတဲ့ ကစားသမားတွေကို အဓိက ထားပြီး တည်ဆောက်ထားတဲ့ အသင်းပါ ။ တိုက်စစ်ပိုင်းမှာလည်း ငယ်ရွယ် နုပျိုပြီး စိတ်အားထက်သန်မှု နဲ့ ယုံကြည်မှု အပြည့် ရှိတဲ့ ဂိုးတွေသွင်းပေးနိုင်တဲ့သူတွေချည်း ရှိနေပါတယ် ။ ကျွနိတော်အတွက်တော့ အာဆင်နယ် က Title Challenger ပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လီဗာပူး ကစားသမားဟောင်း ကော်လီမိုး ကတော့ အာဆင်နယ် အသင်း ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုလိုက်ပါတယ် ။ ” အာဆင်နယ် အသင်း လုပ်နိုင်တဲ့ အရာအပေါ် ပရိသတ် အချို့က စိတ်လှုပ်ရှား ရင်ခုန် နေကြတာနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည် ပေးလို့ ရပါတယ် ။ ”

” ဒါပေမယ့် မနှစ်က မန်စီးတီး နဲ့ လီဗာပူး နှစ်သင်း ပွဲစဉ် ၃၈ အထိ ယှဉ်ပြိုင် ကစားခဲ့ကြသလိုမျိုး အာဆင်နယ် အသင်း လုပ်နိုင်မယ်လို့တော့ လုံးဝ မထင်ပါဘူး ၊ သူတို့ အတွက် အခွင့်အ​ရေး မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM