အပြောင်းအရွေ့စျေးကွက်မှာ ထင်တိုင်းကြဲနိုင်တဲ့ ကလပ် ၃ ခုကို ထောက်ပြလိုက်တဲ့ ယာဂန်ကလော့

ယနေ့ည အန်ဖီးမှာ ကစားရမယ့် ပွဲကြီးပွဲကောင်း မတိုင်မီ ယာဂန်ကလော့က လီဗာပူးဟာ အပြောင်းအရွေ့ စျေးကွက်မှာ မန်စီးတီးလိုမျိုး လိုက်မလုပ်နိုင်ဘူးလို့ ဆိုလိုက်ပြီး အီတီဟတ် ကလပ်လိုမျိုး ငွေကြေး သုံးစွဲဖို့ဟာ သူတို့ အတွက် မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် title race မှာ လီဗာပူးကို အသာရခဲ့ပြီးနောက် မန်စီးတီးဟာ သူတို့ရဲ့ လူအင်အားကို ဆက်လက် တောင့်တင်းအောင် ပြုလုပ်ထားခဲ့ပြီး ဒီထဲမှာ ဒေါ့မွန်က အာလင်းဟာလန်းကို ခေါ်ယူမှုလည်း ပါ၀င်ခဲ့ပါတယ်။

ဟာလန်းဟာ သူ့ရဲ့ ကလပ်သစ် အတွက် ပြိုင်ပွဲစုံမှာ ဂိုး ၂၀ ထိ သွင်းယူထားခဲ့ပြီး ထွက်ပေါ်နေတဲ့ သတင်းများ အရ နော်ဝေးစတားဟာ စီးတီးမှာ ဘောနက်စ် အပါအ၀င် တစ်ပတ် ပေါင် ၉ သိန်းထိ ရနေရတယ်လို့ သိရပါတယ်။

လီဗာပူး ကလည်း ပြီးခဲ့တဲ့ နွေရာသီက ဒါ၀င်နူးနက်ကို စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့မှု အပါအ၀င် ကာဗယ်ဟို ရမ်းဆေး နဲ့ အာသာ တို့ကိုလည်း အားဖြည့်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ဦးစားပေးပစ်မှတ် ချူအာမန်နီကို လွဲချော်ခဲ့ပြီးနောက် အပြောင်းအရွေ့ စျေးကွက်မှာ ကွင်းလယ်လူ အားဖြည့်ရန် စိတ်မကူးခဲ့ဘဲ ဒဏ်ရာ ပြသနာတွေ တိုးလာတဲ့ အချိန်မှသာ အာသာကို အငှား ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး အနေနဲ့ စီးတီးနဲ့ ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ဘာတွေ လုပ်သွားရမလဲဆိုတဲ့ မေးခွန်း အပေါ် ကလော့က ယခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်။

ကလော့က “ကျွန်တော့်ရဲ့ အဖြေကို ခင်ဗျားတို့ နှစ်သက်မှာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပက်သက်တဲ့ အဖြေကို ခင်ဗျားတို့ နှစ်သက်မှာ မဟုတ်ပါဘူး။ ခင်ဗျားတို့မှာ အဖြေက ရှိနေပြီးသားပါ။ ဒီအပိုင်းမှာ ဘယ်သူမှ စီးတီးကို မယှဉ်နိုင်ပါဘူး။ သူတို့ဟာ ကမ္ဘာပေါ်က အကောင်းဆုံး အသင်း ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးက စျေးကွက်ထဲမှာ ရှိနေခဲ့ပါတယ်။ ဘယ်လောက်ပဲ ကုန်ကျသည် ဖြစ်စေ လုပ်သွားနိုင်ပါတယ်။

ကျွန်တော့် အဖြေကို စီးတီးဘက်က နှစ်သက်မှာ မဟုတ်သလို ဘယ်သူမှလည်း ကြိုက်မှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ဒီမေးခွန်းကို မေးပေမယ့် အဖြေကိုတော့ ခင်ဗျားတို့ သိထားပြီးသားပါ။ သူတို့လိုမျိုး အပြောင်းအရွေ့ စျေးကွက်မှာ လိုက်မလုပ်နိုင်ပါဘူး။ ဒါဟာ မဖြစ်နိုင်ပါဘူး။ လုံး၀ မဖြစ်နိုင်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က စီးတီး နယူးကာဆယ် နဲ့ ပီအက်ဂျီ တို့ဟာ သူတို့ရဲ့ လူစာရင်းကို အားဖြည့်ဖို့ အတွက် ငွေသုံးစွဲတဲ့ နေရာမှာ ဘာအကန့်အသတ်မှ ရှိမနေဘူးလို့ ထောက်ပြလိုက်ပါတယ်။ လီဗာပူးဟာ ဂျာမန် နည်းပြ ရောက်လာကတည်းက အပြောင်းအရွေ့ စျေးကွက်မှာ ထိရောက်တဲ့ ငွေသုံးစွဲမှုတွေ လုပ်ကာ ပြိုင်ဘက် အသင်းတွေနဲ့ ယှဉ်ရင် နည်းပါးတဲ့ net spend နဲ့ အမြင့်ဆုံး ဆုဖလားတွေကို ယှဉ်ပြိုင်နိုင်အောင် လုပ်ဆောင်ထားခဲ့ပါတယ်။

ကလော့က “ကမ္ဘာ့ဘောလုံးလောက်မှာ ငွေကြေးပိုင်း အရ သူတို့ အလိုရှိသလို လုပ်နိုင်တဲ့ ကလပ် ၃ ခု ရှိနေပါတယ်။ ဒါဟာ legal ဖြစ်ပါတယ်။ အရာအားလုံး ကလည်း အိုကေပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ အလိုရှိသလို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဘဏ္ဍာရေးပိုင်းနဲ့ ချိန်ညှိပြီး လုပ်သွားရပါတယ်။ ဒီလိုပဲ ဖြစ်ရမှာပါ။

ကျွန်တော့် အတွက် ကတော့ သူတို့ရဲ့ ငွေသုံးစွဲမှုတွေဟာ ပြသနာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ဒီမေးခွန်း မမေးတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ဘက်က အရင် ဆွေးနွေးခန်းကို ဖွင့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ငပွကြီးက ကျွန်တော်ပဲ ဖြစ်နေတာပါ။ ဒါပေမယ့် ဒီအဖြေကို ခင်ဗျားတို့ သိထားပြီးသားပါ။ ခင်ဗျားတို့ သိထားသင့်ပါတယ်။ ဒါကို deal လုပ်ဖို့ အတွက်က မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ ဖြစ်နေမှာပါ။

နယူးကာဆယ်က လူတစ်ယောက်က ‘ဒီကလပ်အတွက် ဘာ limit မှ ရှိမနေပါဘူး။’ ပြောတာကို ကျွန်တော် ကြားခဲ့ပါတယ်။ အမှန်ပါပဲ။ သူ ပြောတာ လုံး၀ မှန်ကန်ပါတယ်။ နယူးကာဆယ် အတွက် ဘာကန့်သတ်မှုမှ မရှိပါဘူး။ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အခြား ကလပ်တွေကတော့ အကန့်အသတ် ရှိနေပါတယ်။” လို့ ဆိုသွားပါတယ်။

SM