လီဗာပူး vs မန်စီးတီး ပွဲစဉ်မှာ ရလဒ်ကို အဆုံးအဖြတ် ပေးသွားနိုင်မယ့် အရေးကြီး battle ကို ရွေးချယ်လိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက ယနေ့ည လီဗာပူး နဲ့ မန်ချက်စတာစီးတီး တို့ရဲ့ ပွဲစဉ်မှာ အာလင်းဟာလန်း နဲ့ ဗာဂျယ်ဗန်ဒိုက် တို့ရဲ့ တိုက်ပွဲဟာ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်မယ့် ဧရိယာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိ ချန်ပီယံ မန်စီးတီးဟာ ဒီရာသီမှာ ရုန်းကန် နေရတဲ့ လီဗာပူးကို အန်ဖီးမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒါဟာ တကယ့်ကို ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်ပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီမှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို ရောက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ မန်စီးတီး ကလည်း ဒီရာသီမှာ ရှုံးပွဲမရှိတဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ် အဖြစ် ရပ်တည်နေပြီး ဒီရာသီမှာလည်း တာထွက်ကောင်းနေခဲ့ကာ ရမှတ် ၂၇ မှတ်ထဲက ၂၃ မှတ်ကို စုဆောင်းထားခဲ့ပါတယ်။

ဒါ့အပြင် ဟာလန်း ကလည်း ဒီရာသီ စီးတီး အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ဂိုး ၂၀ သွင်းယူ နိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးလို့တောင် ဆိုရမှာ ဖြစ်ကပါတယ်။ ဟာလန်းဟာ ယခုလ အစောပိုင်း မန်ယူနိုက်တက်ကို ၆-၃ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ စီးတီး အတွက် ဟက်ထရစ်ကို သွင်းယူထားခဲ့တဲ့ အပြင် နော့တင်ဟမ်ဖောရက်စ် ခရစ်စတယ်ပဲလေ့စ် တို့ကိုလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ နဗီးက ဗန်ဒိုက် အနေနဲ့ ယနေ့ညမှာ ဟာလန်းကို ရပ်တန့်နိုင်ဖို့ အတွက် အကောင်းဆုံး ပုံစံ ပြသနိုင်မှာ ဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။

နဗီးက “စီးတီးဟာ ဒီအချိန်မှာ ပိုမို ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ် ဆိုပေမယ့် လီဗာပူးရဲ့ form ဟာ ဘယ်လိုပဲ ဖြစ်နေပါစေ။ သူတို့ ဘယ်နေရာမှာပဲ ရပ်တည်နေပါစေ။ ဒီနေ့ည ပွဲစဉ်ကတော့ စီးတီး အတွက် ဒီရာသီ အခက်ခဲဆုံး ပွဲစဉ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေဆဲပါ။ အန်ဖီးမှာ သူတို့ရဲ့ မှတ်တမ်းကလည်း သိပ်ပြီး မကောင်းလှပါဘူး။ ဒါပေမယ့် အသင်းတိုင်း အတွက် ဒီနေရာဟာ တအားကို ခက်ခဲပါတယ်။

ဒီနှစ်သင်းနဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့ ခံစားချက်ကိုတော့ ခင်ဗျားတို့ သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ အကောင်းဆုံး လုပ်ပြထားမှုကိုတော့ အသိအမှတ် မပြုလို့ မရပါဘူး။ ကျွန်တော့်အနေနဲ့ ဟာလန်း vs ဗန်ဒိုက် Battle ကိုလည်း တွေးမိနေပါတယ်။ ဒါဟာ ဒီနေ့ ပွဲစဉ်ရဲ့ ရလဒ်ကို အဆုံးအဖြတ် ပေးသွားနိုင်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ အဖြစ် ရပ်တည်ခဲ့တာပါ။ ဒီရာသီမှာတော့ အနည်းငယ် ရုန်းကန်နေရပါတယ်။ ဒီနေ့မှာတော့ သူဟာ တကယ့် ပါရမီရှင် တိုက်စစ်မှုးနဲ့ ရင်ဆိုင်ရမှာပါ။ လီဗာပူးရဲ့ နောက်တန်းဟာ ကွင်းတစ်၀က်ထိ တက်ကာ high line နဲ့ ကစားလေ့ ရှိတာကြောင့် နောက်မှာ နေရာလွတ်က အကြီးကြီး ကျန်နေလေ့ ရှိပါတယ်။ ဟာလန်း အနေနဲ့ ဒါကို ဘယ်လို အသုံးချသွားမလဲ ဆိုတာ စိတ်၀င်စားစရာပါပဲ။ ကျွန်တော် ကတော့ ဒီပွဲနဲ့ ပက်သက်ပြီး တအား စိတ်လှုပ်ရှားနေပါတယ်။ စောင့်တောင် မစောင့်နိုင်တော့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။