လီဗာပူး vs မန်စီးတီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးကို ရုန်းကန်နေရတဲ့ လီဗာပူးကို ဒီတစ်ပတ်မှာ အပြန်အလှန် တုန့်ပြန် ကစားသွားလိမ့်မယ်လို့ မျှော်လင့်ထားပြီး သူ့ရဲ့ အသင်းဟောင်းဟာ ပြိုင်ဘက်ကို ပိတ်ဆို့ ကစားသွားတဲ့ style မဟုတ်တဲ့ အပြင် အန်ဖီးမှာ ပရိတ်သတ်အားကို အပြည့်အ၀ အသုံးချသွားလိမ့်မယ်လို့ ဆိုသွားပါတယ်။ မန်စီးတီးဟာ ယနေ့မှာ လီဗာပူးကို အန်ဖီးမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဒီနှစ်သင်းကြား ကစားခဲ့တဲ့ ပွဲစဉ်တွေဟာ တကယ့်ကို ရသမြောက်ခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့နောက် တစ်မှတ် အကွာမှာ ရပ်တည်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ရုန်းကန်နေရခဲ့ရပြီး ပက်ရဲ့ အသင်းနဲ့ ၁၃ မှတ် အကွာကို ရောက်နေခဲ့ပါတယ်။ လီဗာပူးဟာ အဖွင့်ပွဲစဉ် ၈ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရခဲ့တာကြောင့် အဆင့် ၁၁ နေရာကို ကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ် အကွာကို ရောက်နေပါတယ်။

မန်စီးတီး ကတော့ ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်း အဖြစ် ရပ်တည်နေပေမယ့် ဇယားထိပ်က အာဆင်နယ်နဲ့ တစ်မှတ် အကွာ ဒုတိယနေရာကို ရောက်နေပါတယ်။

ကာရေဂါက “လီဗာပူးဟာ ဒီပွဲစဉ်မှာ မန်စီးတီးကို ခံစစ် အသားပေး ကစားလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ ဒါဟာ သူတို့ရဲ့ style မဟုတ်ပါဘူး။ ဒီပွဲစဉ်ဟာ အန်ဖီးမှာ ကစားရမှာ ဖြစ်တာကြောင့် သူတို့ဟာ ပရိတ်သတ် အင်အားကို အသုံးချသွားလိမ့်မယ်လို့ ကျွန်တော် ယူဆထားပါတယ်။ သူတို့ဟာ တကယ့်ကို aggressive ပုံစံနဲ့ ကစားကာ မန်စီးတီးကို တက်နိုင်သမျှ ခက်ခဲအောင် လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒါဟာ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ ပွဲစဉ်လို့ မြင်ပါတယ်။

မန်စီးတီးဟာ အန်ဖီးမှာတော့ မှတ်တမ်းကောင်း ရှိမနေပါဘူး။ ဒါပေမယ့် လီဗာပူးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဒါဟာ အရမ်းကို ကြည့်ကောင်းမယ့် ပွဲစဉ်လို့ ထင်ပါတယ်။ သရေထပ်ပြီး ကျမှာပါ။ မနှစ်ကလိုပဲ ၁-၁ ဒါမှမဟုတ် ၂-၂ ဖြစ်သွားပါလိမ့်မယ်။” လို့ ခန့်မှန်းသွားပါတယ်။

ကာရေဂါက လီဗာပူး အနေနဲ့ ဒီပွဲစဉ်မှာ စီးတီးအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ဂိုး ၂၀ သွင်းထားတဲ့ ဟာလန်းထက်စာရင် ဒီဘရိုင်းနား ကိုသာ အဓိက အာရုံစိုက် တားဆီးသွားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကာရေဂါက “ဒီပွဲမှာ လီဗာပူးတို့ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမား ၂ ဦး ရှိနေပါတယ်။ အာလင်းဟာလန်း နဲ့ ကယ်ဗင်ဒီဘရိုင်းနား တို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ package ကောင်း တစ်ခုလို ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ဟာလန်းထက်စာရင် ဒီဘရိုင်းနားကိုပဲ အာရုံစိုက်စေချင်ပါတယ်။ ဒီဘရိုင်းနားကို ရပ်တန့်နိုင်မယ် ဆိုရင် ဟာလန်းရဲ့ 50% ကို ဆွဲထုတ်ပစ် နိုင်သလို ဖြစ်သွားမှာပါ။ ကျွန်တော့် အတွက်ကတော့ ဒီဘရိုင်းနားဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ပါတယ်။

အမှန်ပါပဲ။ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ တအားကို ကောင်းနေပါတယ်။ ဒါပေမယ့် သူ့အတွက် servicing လိုအပ်ပါတယ်။ ဒီနေရာမှာ ဒီဘရိုင်းနားလောက် ကောင်းတာ မရှိပါဘူး။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ဘောလုံး ပေးပို့နိုင်သူ ရှိနေတဲ့ အခါမှာ တိုက်စစ်က ဟာလန်းကို အကူအညီ ဖြစ်စေမှာ အသေအချာ ပါပဲ။ အကယ်၍ ဟာလန်းသာ ဒီအချိန်မှာ လီဗာပူး အတွက် ကစားနေမယ်ဆိုရင် ဒီလိုမျိုး ဂိုးတွေ အများကြီး သွင်းနိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ နောက်မှာ ဒီလိုမျိုး အရည်အသွေးက ရှိမနေလို့ပါ။ ပြီးတော့ လက်ရှိ လီဗာပူးတို့ ကစားနေတဲ့ ပုံစံနဲ့လည်း ဆိုင်ပါသေးတယ်။” လို့ ဆိုလိုက်ပါတယ်။

SM