မှတ်တမ်းကိုယ်စီနဲ့ တိုက်စစ်မှူးများ ၊ စိတ်မကောင်းစရာ ဒဏ်ရာသတင်းတွေ နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါး အသင်းဟာ အဲဗာတန် အသင်းကို ၂-၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။ စပါး အတွက် တိုက်စစ်မှူး ဟယ်ရီကိန်း က ၅၉ မိနစ်မှာ ပင်နယ်တီ ကနေ အဖွင့်ဂိုး သွင်းပေး ခဲ့တာ ဖြစ်ပြီး ဟော့ဘီယာ က ၈၆ မိနစ်မှာ ဒုတိယဂိုး ထပ်သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲဟာ ဟယ်ရီကိန်း အတွက် စပါး ကစားသမားဘ၀ ပွဲ ၄၀၀ ပြည့်မြောက်တဲ့ ပွဲ ဖြစ်ခဲ့ပြီး အဆိုပါ ပွဲ ၄၀၀ မှာ ၂၅၈ ဂိုး သွင်းကာ ၆၁ ဂိုး ဖန်တီးထား နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဇာဗီ အလွန်ဆို ရဲ့ လေဗာကူဆင် ဟာ အိမ်ကွင်းမှာ ဖရန့်ဖတ် အသင်းကို ၅-၁ ရလဒ် နဲ့ ဂိုးပြတ် ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဗလင်စီယာ က အယ်လ်ချီ အသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးကြီး ကာဗာနီ ကတော့ ဥရောပ ထိပ်သီးလိဂ် ၄ ခု ( စီးရီးအေ ၊ ပရီးမီးယားလိဂ် ၊ လီဂူး ၊ လာလီဂါ ) မှာ ဂိုးသွင်း နိုင်တဲ့ မှတ်တမ်းကို ရရှိ သွားခဲ့ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကလည်း ဘီဘာအို အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ရခဲ့ပါတယ် ။ အေတီကို အတွက် တိုက်စစ်မှူးကြီး ဂရစ်ဇ်မန်း က ဂိုးသွင်းယူ ပေးခဲ့ပြီး ဒီဂိုးဟာ ဂရစ်ဇ်မန်း အတွက် လာလီဂါ မှာ အက်သလက်တီကို မက်ဒရစ် နဲ့ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ သွင်းဂိုး ဖြစ်စေခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ တိုရီနို အသင်းကို တိုက်စစ်မှူး ဗလာဟိုဗစ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ မျှော်မှန်း ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်နေကာ ကမ္ဘာ့ဖလား အမီ ပြန်ကောင်း လာနိုင်တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ခံစစ်မှာ ပြဿနာတွေ ရှိနေတဲ့ လီဗာပူး အတွက် နောက်ထပ် သတင်းဆိုး တခု ပေါ်ထွက် လာခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ ခံစစ်မှူး ကိုနာတေး ဟာ ဒီည ကစားမယ့် မန်စီးတီး နဲ့ ပွဲကို ပါဝင်ဖို့ မရေရာတဲ့ အနေအထားမှာ ရှိနေတယ်ဆိုတဲ့ သတင်းပါပဲ ။

လီဗာပူး မှာ မာတစ် နဲ့ အာနိုး တို့ ဒဏ်ရာကြောင့် နားနေရပြီး ကိုနာတေး ရဲ့ သတင်းဟာ ပရိသတ်တွေကို စိုးရိမ်မှုတွေ ပိုမို ကြီးထွားစေခဲ့ ပါတယ် ။

ဘာစီလိုနာ ခံစစ်မှူး ကွန်ဒေး ကတော့ ရီးရဲ မက်ဒရစ် နဲ့ ပွဲကို ပါဝင် ကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရရှိ နေပြီလို့ ကြားသိရ ပါတယ် ။

မမ်းဖစ် ဒီပိုင်း ၊ ဘယ်လာရင် နဲ့ ခရစ်ရှန်ဆန် တို့ကလည်း အောက်တိုဘာ ကုန်ခါနီးလောက်မှာ ပြန်ကစား နိုင်ကြမယ်လို့ သိရှိရ ပါတယ် ။

ယူဗင်တပ် အသင်း ဒုဥက္ကဌ နက်ဗက် က အယ်လီဂရီ ဟာ အသင်းရဲ့ နည်းပြ အဖြစ် ဆက်လက် ရှိနေပါမယ် လို့ ထုတ်ဖော် အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် သတင်းဌာန L’Equipe ရဲ့ ဖော်ပြမှု အရ အမ်ဘာပေ ဟာ လာမယ့် ဇန်နဝါရီမှာ PSG ကနေ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဝယ်ယူကာ ထွက်ခွာဖွယ် ရှိတယ်လို့ သိရပါတယ် ။

စပါး တိုက်စစ်မှူး ရစ်ချလီဆင် ဟာ အသင်းဟောင်း အဲဗာတန် နဲ့ ကစားခဲ့တဲ့ စနေနေ့ညပွဲမှာ ဒဏ်ရာ ရရှိ သွားခဲ့ပြီး ကွင်းထဲကနေ ချိုင်းထောက် နဲ့ ထွက်ခွာ သွားခဲ့ရတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ရစ်ချလီဆင် ရဲ့ ဒဏ်ရာ အခြေအနေဟာ ကမ္ဘာ့ဖလား ကို လွဲချော်နိုင်တဲ့ အထိ ပြင်းထန်မလား ဆိုတာ ပြောရခက် ပေမယ့် လာမယ့် ပွဲအနည်းငယ်ကို လွဲချော်ဖို့တော့ အလားအလာ များသွားခဲ့ ပါပြီ ။

ဒဏ်ရာ ကနေ ပြန်သက်သာစ ပြုလာတဲ့ နယူးကာဆယ် တိုက်စစ်မှူး အလန်စိန့် မက်ဆီမင် ဟာလည်း ဒဏ်ရာ ပြန်ရသွားတာကြောင့် နောက်ထပ် ၃ ပွဲလောက် ထပ်နားရနိုင်သေးတယ် လို့ သိရပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဟာ ရစ်ဆီဂျိမ်းစ် ကို ကြံ့ခိုင်မှု အပြည့်မရှိဘဲ အေစီမီလန် နဲ့ ပွဲမှာ ထည့်ကစား ခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ လုပ်ရပ် အပေါ် စိတ်ဆိုး ဒေါသထွက် နေတယ်လို့ သိရပါတယ် ။

ဂျိမ်းစ် ဟာ ဒဏ်ရာကို ကုသမှု ခံယူရမှာ ဖြစ်တာကြောင့် ၈ ပတ်နီးပါး နားရနိုင်ပြီး ကမ္ဘာ့ဖလား ကို ပါဝင်နိုင်ဖို့ အလားအလာ နည်းပါး သွားခဲ့ရတယ်လို့ သိရပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR