ဘာနေဗျူး စီးချင်းထိုးပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမား ၅ ယောက်

စပိန် လာလီဂါ မှာသာမက ကမ္ဘာမှာပါ အကျော်ကြားဆုံး စီးချင်းထိုးပွဲ ဖြစ်တဲ့ ရီးရဲမက်ဒရစ် နဲ့ ဘာစီလိုနာ တို့ ကစားကြမယ့် ပွဲကို ဒီကနေ့ ည မြန်မာစံတော်ချိန် ၈း၄၅ နာရီမှာ ယှဉ်ပြိုင် ကစား ကြတော့မှာပါ ။

ဂန္ထဝင်မြောက်တဲ့ El Clasico ရယ်လို့ တင်စား ခေါ်ဝေါ်လေ့ ရှိတဲ့ ဒီပွဲဟာ ဘောလုံးလောကမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး ၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲတွေအနက်က တပွဲ အဖြစ် သတ်မှတ် ထားကြပါတယ် ။

ဒီရာသီမှာ ဘာစီလိုနာ ရော ရီးရဲမက်ဒရစ် ပါ ပုံစံကောင်းတွေ ရရှိထားပြီး ၈ ပွဲစီ ကစားပြီးသည် အထိ ၂ မှတ်စီသာ လျော့ထား ကြပါတယ် ။ ၂ သင်းစလုံး ဇယားထိပ်မှာ ရှိနေကြပြီး ဘာစီလိုနာ ကတော့ ဂိုးကွာခြားမှု အသာနဲ့ အဆင့် ၁ ကို ရယူထားပါတယ် ။

သူတို့ ၂ သင်းရဲ့ ကစားသမား အင်အားတောင့်တင်းမှု ၊ ခြေစွမ်းတည်ငြိမ် ကောင်းမွန်မှုတွေကြောင့် ဒီရာသီဟာ စစ်တုရင်သမား ၂ ယောက် အားပြိုင်ကြသလိုမျိုး အမှားနည်းနည်လုပ်မိတဲ့ အသင်းက အရှုံးပေးရမယ့် ရာသီလို့ သုံးသပ် ထားကြပါတယ် ။

အခုညမှာတော့ သူတို့ ၂ သင်းရဲ့ ပထမဆုံး စာရင်းရှင်းပွဲ စတင်ပါပြီ ။ ရီးရဲ ဘက်မှာ ဂိုးသမား ကော့တွာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မပါနိုင်သလို ဘာစီလိုနာ ဘက်မှာလည်း အာရူဟို ဒဏ်ရာ မသက်သာ သေးတာကြောင့် မပါဝင်လာနိုင် ပါဘူး ။

ဒါပေမယ့် ထိပ်တန်း ကစားသမားကောင်းတွေ အပြည့် ရှိနေတဲ့ အသင်းတွေ ဖြစ်လို့ အခြား ဘောလုံးစတားတွေက El Clasico ရဲ့ ဂုဏ်ကို ဆက်လက် ထိန်းသိမ်း သွားကြမှာပါ ။

ဒီညပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ –

၅ ။ ရိုဒရီဂို ( ရီးရဲမက်ဒရစ် )

ဒီရာသီမှာ ဘရာဇီးသားလေး ရဲ့ တိုးတက်လာမှုက ရီးရဲ ပရိသတ်တွေကို စိတ်ကျေနပ်မှုတွေ ပေးစွမ်း နေပါတယ် ။ လာလီဂါ ၆ ပွဲမှာ ၃ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးထား နိုင်ခဲ့တဲ့ ရိုဒရီဂို ဟာ ရီးရဲ တိုက်စစ်မှာ တနိုင်ငံတည်းသား ဗီနီဆီယပ် နဲ့ အတူ ခြေစွမ်းပြနေတာပါ ။

၈၂ မိနစ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု ( သွင်းသည်ဖြစ်စေ ဖန်တီးသည်ဖြစ်စေ ) ရရှိထားတဲ့ ၂၁ နှစ်သားလေးဟာ ဒီညပွဲ ရဲ့ မထင်မှတ်ထားတဲ့ စတား ဖြစ်လာဖို့ တာဆူနေပါပြီ ။

၄ ။ အန်ဆု ဖာတီ ( ဘာစီလိုနာ )

ဘာဆာ အတွက် ၂ ဂိုးသွင်းပြီး ၃ ဂိုးသာ ဖန်တီးပေးထား ရသေးပေမယ့် အန်ဆု ဖာတီ ရဲ့ အခန်းကဏ္ဍ ကို လျော့တွက်လို့ မရပါဘူး ။ အနာဂါတ် မှာ မက်ဆီ ရဲ့ နေရာကို ဆက်ခံမယ့်သူ အဖြစ် နံပါတ် ၁၀ ကို ယုံယုံကြည်ကြည် ပေးအပ် ခံထားရတဲ့ စပိန်သားလေး ဟာ ဒီညမှာ ဘာစီလိုနာ ရဲ့ အဓိက ခွန်အား တခု အဖြစ် ပါဝင်လာမှာ အသေအချာပါပဲ ။

၃ ။ ကာရင်ဘန်ဇီးမား ( ရီးရဲမက်ဒရစ် )

ကြံ့ခိုင်မှုသာ ပြည့်နေမယ်ဆိုရင် ပြင်သစ် တိုက်စစ်မှူးကြီး ကို ဒီစာရင်းရဲ့ နံပါတ် ၁ နေရာမှာ ထားဖို့ ဝန်မလေး ပါဘူး ။

ဒါပေမယ့် ဘန်ဇီးမား ဟာ ဒီပွဲမှ ပြန်ကစားမှာ ဖြစ်လို့ အသားကျဖို့ လိုအပ်နေဦးမှာပါ ။

ဘန်ဇီးမား ရဲ့ အရည်အသွေးကတော့ မေးခွန်းထုတ်စရာ လိုအောင် ပြည့်စုံနေပါပြီ ။ မနက်ဖြန် ပေးအပ်မယ့် ရွှေဘောလုံးဆုပေးပွဲ မှာလည်း အောင်ပွဲခံဖို့ သေချာသလောက်ပါပဲ ။ ဒီညမှာ ရွှေဘောလုံးအကြို ပျော်ရွှင်မှုတွေ ကို ဘန်ဇီးမား ရှာဖွေ နိုင်မလားဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပါ ။

၂ ။ ဗီနီဆီယပ် ဂျူနီယာ ( ရီးရဲမက်ဒရစ် )

ဘန်ဇီးမား ရဲ့ ကြံ့ခိုင်မှု အနေအထားကြောင့် ဗီနီဆီယပ် ဟာ ဒီညအတွက် အိမ်ရှင် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ ပါပြီ ။ ပြီးခဲ့တဲ့ ရာသီကတည်းက ကမ္ဘာ့အဆင့် တောင်ပံ ကစားသမား တယောက်ရဲ့ ခြေစွမ်းတွေကို ပြသနေတဲ့ ဗီနီဆီယပ် ဟာ အခု ရာသီမှာလည်း ရီးရဲ တိုက်စစ်ကို အကောင်းဆုံး ပုံဖော် ပေးနေပါတယ် ။

ဘန်ဇီးမား နာနေချိန်မှာ အသင်းရဲ့ ဂိုးသွင်းတာဝန်ကို အဓိက ယူထားတာကြောင့် ဗီနီဆီယပ် ဟာ လာလီဂါ မှာ ၅ ဂိုးထိ သွင်းထားပြီး ဖန်တီးမှု ကတော့ ၁ ကြိမ်သာ ပြုလုပ် ထားရသေးပါတယ် ။

ဆမ်ဘာတေးသွားတွေ ဘာနေဗျူးမှာ အခုည ကခုန်နိုင်မလာ စောင့်ကြည့်ရအောင်ဗျာ . . . ။

၁ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘာစီလိုနာ )

ဒီညအတွက် စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမား ကတော့ ဘာစီလိုနာ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ပါပဲ ။

ဒီရာသီမှာ ဘာစီလိုနာ ရရှိထားတဲ့ သွင်းဂိုး အများစုဟာ လီဝန်ဒေါ့စကီး ဆီက ရလာတာ ဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း ဘာဆာ ရဲ့ ကယ်တင်ရှင် အဖြစ် ရှိနေပါတယ် ။

အသက်ကြီးပေမယ့် ခြေစွမ်း နဲ့ ဂိုးသွင်းနှုန်း မကျသေးတဲ့ ပိုလန်သားကြီးဟာ အခုညမှာ ရီးရဲ ကို အဓိက ခြိမ်းခြောက်မယ့် ဘာစီလိုနာ ကစားသမား ဖြစ်လာမှာ ကတော့ အသေအချာပါပဲ ။

လီဝန်ဒေါ့စကီး ဂိုး သွင်းနိုင်မလား ၊ ရှေ့ပွဲတွေ ကလို ဘာစီလိုနာ ကို ကယ်တင်နိုင်မလား ဆိုတာ မကြာခင် သိရတော့မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR