ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ခြင်း အပေါ် လာကာဇက် ဘယ်လို တုန့်ပြန်ခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ အူဘားမီးယန်း

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်ရဲ့ နောက်ဆုံး Deadline Day မှာ ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းကနေ ဂါဘွန်ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းကို ယူရို ၁၂သန်း ၊ ၂နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ် ။

အသက် ၃၃နှစ် အရွယ်ရှိ အူဘားမီးယန်းဟာ ယခင်က ပရီးမီးယားလိဂ်မှာ အာဆင်နယ် တသင်းတည်း အတွက် ကစားပေးခဲ့ပေမယ့် ၊ အခုအခါမှာတော့ ၄င်းတို့ရဲ့ မြို့ခံပြိုင်ဖက်ဆီကို ရောက်ရှိလာပါတယ် ။ ဒါဟာ အူဘားမီးယန်း တယောက် ရည်ရွယ်ချက်ရှိရှိနဲ့ကို ချဲလ်ဆီးထံ ပြောင်းရွှေ့လာတာ အားလုံးလည်း သိမြင်နိုင်မှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ အာဆင်နယ်မှာ အဆုံးသတ်ခရီး မလှခဲ့တဲ့ အူဘားမီးယန်းဟာ ဘာစီလိုနာမှာ သူ့ရဲ့ ဂုဏ်သတင်းတွေကို ပြန်လည် တည်ဆောက်ခဲ့ပြီး ၊ ပြိုင်ပွဲစုံ ၂၄ပွဲမှာ ၁၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ၊ လက်ရှိ ချဲလ်ဆီးမှာလည်း ၅ပွဲကစား ၃ဂိုး သွင်းယူထားပါတယ် ။

အူဘားမီးယန်းဟာ အာဆင်နယ်မှာ အမှတ်တရ များစွာ ရခဲ့ဖူးတဲ့ အနက် ၊ ၄င်းနဲ့ အတူ တောက်လျှောက် တွဲကစားလာတဲ့ ပြင်သစ်ဝါရင့် တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက် က ထိပ်ဆုံးက ပါဝင်မှာ သေချာပါတယ် ။ အသင်းမတူတော့ပေမယ့် ၄င်းတို့ ၂ဦး အကြား ခင်မင်ရင်းနှီးမှုက အခုထက်တိုင် ရှိနေပါတယ် ။

BBC MotdX အစီအစဉ်နဲ့ တွေ့ဆုံခဲ့ရာမှာ အူဘားမီးယန်း က အာဆင်နယ်ကနေ ထွက်ခွာခဲ့တာ နှစ်ဝက်ကျော်ကျော်သာ ရှိခဲ့ပေမယ့် ၊ မြို့ခံပြိုင်ဖက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ခြင်း အပေါ် လာကာဇက် ဘယ်လိုဘယ်ပုံ တုန့်ပြန်ခဲ့လဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

အူဘားမီးယန်း က ” ကျွန်တော့ အတွက် သူ့ရဲ့ မက်ဆေ့ခ်ျက ချဲလ်ဆီးမှာ ကံကောင်းစေဖို့လား ? မဟုတ်ရပါဘူး ။ အပြောင်းအရွှေ့ ကိစ္စ တကယ် မဖြစ်လာခင် ကောလဟလတွေ ထွက်ခဲ့တုန်းကတောင် သူက ကျွန်တော့ကို ‘ မင်းတကယ်ကြီး အဲဒီကို ပြောင်းတော့မှာလား ‘ ဆိုပြီး ဖြစ်ခဲ့ပါသေးတယ် ။ ”

” လာကာဇက်က ကျွန်တော့ရဲ့ ကစားသမား ဘဝ အပေါ် အကြီးမားဆုံး လွှမ်းမိုးခဲ့လား ? ကျွန်တော်နဲ့ အတူ တွဲကစားဖူးတဲ့ အထဲကနေ ရွေးရရင်တော့ လာကာဇက်ကို သေချာပေါက် ရွေးရပါမယ် ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေမှာ သူ ကျွန်တော့ကို အများကြီး ကူညီပေးခဲ့ဖူးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အူဘားမီးယန်းဟာ လက်ရှိ နည်းပြ မီခေးလ် အာတီတာကြောင့် အာဆင်နယ်ကနေ ထွက်ခွာခဲ့ရပြီး ၊ ၄င်းကိုလည်း ဘာစီလိုနာသို့ ရောက်ရောက်ချင်း အင်တာဗျူး တခုမှာ အခုလိုပဲ တိုက်ခိုက်ပြောဆိုခဲ့ဖူးပါတယ် ။

အူဘားမီးယန်း က ” ဘာစီလိုနာက ကျွန်တော့ အဖေကို ဖုန်းစခေါ်တဲ့ အချိန်ကို ကျွန်တော် မှတ်မိနေပါသေးတယ် ။ ကျွန်တော်တို့ဟာ ဘာဆာနည်းပြ ဇာဗီကို သိကြပါတယ် ။ အဲဒီနောက် သူ ကိုယ်တိုင် ကျွန်တော့ဆီ ဖုန်းခေါ်လာပြီး ၊ အာဆင်နယ်မှာ ပြဿနာတွေ ရှိတာကြောင့် ကျွန်တော့ကို ခေါ်ဖို့ အခွင့်အရေး ရှိနေတာ သူသိကြောင်း ကျွန်တော့ကို ပြောပါတယ် ။ ”

” နောက်ပြီး ဇာဗီက ကျွန်တော်သာ ဘာဆာကို ပြောင်းရင် ၊ သူ့အတွက် အထောက်အကူ အများကြီး ဖြစ်မှာပဲလို့ ဆက်ပြောခဲ့ပါတယ် ။ အဲဒီမှာ ကျွန်တော်ကလည်း အိုကေလေ ဆိုပြီး ပြန်ပြောခဲ့ပါတယ် ။ ဒါပေမယ့် နာမည်ကြီး စတား ဒါမှမဟုတ် ကြီးကျယ်တဲ့ ကစားသမားတွေကို သူ ကိုင်တွယ်နိုင်စွမ်း မရှိပါဘူး ။ ”

” သူ့အတွက် လူငယ် ကစားသမားအချို့ လိုပါတယ် ။ ဒီချာတိတ်လေးတွေက သူ ဘာလုပ်လုပ် ဘာမှပြောမှာ မဟုတ်ပါဘူး ။ သူတို့က အမြဲ စကားနားထောင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR