ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့လို့ နောင်တမရကြောင်း ဖွင့်ဟလာတဲ့ လက်စတာ စတား

ချဲလ်ဆီး အသင်းဟာ လွန်ခဲ့တဲ့ ၈နှစ်ခန့်က လက်ရှိ လက်စတာ ခံစစ်မှူး ဗောက်ဖဲစ်ကို ခေါ်ယူဖို့ ကင်းထောက်စောင့်ကြည့်မှုတွေ လုပ်ခဲ့ပြီး ၊ ၄င်းထံသို့ ဘရာဇီး လက်ရွေးစင် ခံစစ်မှူးဟောင်း ဒေးဗစ် လူးဝဇ်ရဲ့ လက်မှတ်ပါ ဂျာစီ တထည်ကို လက်ဆောင်ပေးကာ စည်းရုံးဖို့ ကြိုးစားခဲ့ပါတယ် ။

ထိုစဉ်က အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ ဖဲစ်ဟာ ဘယ်လ်ဂျီယမ် ကလပ် အန်ဒါလက်ခ်ျ အသင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ် ။ ဒေးဗစ် လူးဝဇ်နဲ့ ဖဲစ်တို့ဟာ ကစားပုံ နေရာချင်း တူသလို ၊ ဆံပင် ပုံစံချင်းလည်း တူကြပါတယ် ။ ဖဲစ်ကတော့ ဒီအချက်ကြောင့် ချဲလ်ဆီးက သူ့ထံ ဒေးဗစ် လူးဝဇ်ရဲ့ ဂျာစီကို ပေးခဲ့တာလို့ ယူဆထားပါတယ် ။

The Guardians သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အသက် ၂၄နှစ် အရွယ်ရှိ ဖဲစ်က ဒေးဗစ် လူးဝဇ်နဲ့ သူ့အကြောင်း လူတွေ ခဏခဏ မေးတာကို နားလည်ကြောင်း ဖွင့်ဟရင်း ၊ ချဲလ်ဆီးထံမှ ကမ်းလှမ်းချက်ကို ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ခြင်း အတွက် နောင်တမရခဲ့ကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

ဗောက်ဖဲစ် က ” ဘာကြောင့် ဒေးဗစ် လူးဝဇ် လက်မှတ်ပါတဲ့ ဂျာစီ ရခဲ့တယ်လို့ ကျွန်တော် ထင်သလဲ ? ကျွန်တော်တို့ ၂ယောက်ရဲ့ ဆံပင်ပုံစံတူတာကြောင့် ဖြစ်မှာပေါ့ ။ အဲဒီနောက်ပိုင်း ကိုယ်နဲ့ မသိတဲ့သူတွေတောင် ကျွန်တော်နဲ့ တွေ့တိုင်း ဒီအကြောင်းချည်းပဲ အမြဲ မေးကြပါတယ် ။ ”

 

” သူဟာ အရမ်း ကြီးကျယ်တဲ့ ကစားသမား တဦး ဖြစ်ပြီး ၊ ပရီးမီးယားလိဂ်က အသင်းကြီးတွေမှာ ကစားဖူးတာကြောင့် ကျွန်တော်နဲ့ တွေ့တိုင်း ဒါပဲ မေးကြတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော့ အတွက်တော့ ကိုယ့်နာမည် ပရီးမီးယားလိဂ်မှာ ကျန်ရစ်အောင် လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ် ။ ”

” ဆယ်ကျော်သက် အရွယ်တုန်းက ချဲလ်ဆီးက ကျွန်တော့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့် သူတို့ဆီ ပြောင်းဖို့ ကျွန်တော် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါဘူး ။ သူတို့ကတော့ ကျွန်တော့ကို လိုလိုချင်ချင်နဲ့ ကမ်းလှမ်းခဲ့ပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ အန်ဒါလက်ခ်ျမှာ ပျော်ရွှင်နေတာကြောင့် သူတို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့ပါတယ် ။ ”

” အဲဒီတုန်းက စိတ်ပြောင်းပြီး သူတို့ဆီ ပြောင်းရွှေ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်ခဲ့မှာပါ ။ ဒါဆို ကျွန်တော်လည်း ပိုက်ဆံပိုများများ ရှာခဲ့နိုင်မှာ ဖြစ်ပေမယ့် ၊ ဒါတွေက အဲလောက် အရေးမကြီးပါဘူး ။ ချဲလ်ဆီးကို ပြောင်းခဲ့သင့်တယ် ဆိုပြီး ကိုယ့်ကိုယ်ကို နောင်တရခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ဖဲစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ပြင်သစ် လီဂူးဝမ်းကလပ် ရိမ်းစ် အသင်းကနေ လက်စတာသို့ ပေါင်၁၅သန်းနဲ့ ပြောင်းရွှေ့လာကာ ၊ လက်ရှိမှာ ပရီးမီးယားလိဂ် ၄ပွဲ ကစားထားပြီး ဖြစ်ပါတယ် ။

SPORTS MYANMAR