သူ့လက်ထက် ကစားခွင့် လုံးဝမရသေးတဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ တုန့်ပြန်မှုကို ပြောပြလာတဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့လ အတွင်း ဂျာမန် လူမျိုး နည်းပြ သောမတ်စ် တူချယ်ကို ထုတ်ပယ်ပြီး ၊ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို ၅နှစ် စာချုပ်နဲ့ ပြောင်းလဲ ခန့်အပ်ခဲ့ပြီးနောက် ၊ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေပြီး ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် အနိုင်ရထားပါတယ် ။

ပေါ်တာဟာ ချဲလ်ဆီး အသင်းသား အားလုံးကို တန်းတူ အခွင့်အရေး ပေးထားပြီး ၊ ပွဲတွေ ဆက်တိုက် ကစားနေရတဲ့ အတွက်လည်း နေရာ တော်တော်များများကို အလှည့်ကျစနစ်နဲ့ အသုံးပြုနေတာကို တွေ့ရပါတယ် ။ သို့သော်လည်း ၄င်းလက်ထက် တပွဲမှ ပွဲထွက်ခွင့် မရသေးတဲ့ အသင်းသား အနည်းငယ် ကျန်ရှိနေပါသေးတယ် ။

ထိုအထဲမှာ တူချယ် မထွက်ခင် လက်ဒဏ်ရာ ရခဲ့တဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ မန်ဒီဟာ ယခုနှစ် ရာသီ အဖွင့်ပွဲက လွဲပြီး ကစားခွင့် ရခဲ့တဲ့ ပွဲတိုင်းမှာ Clean Sheet လုံးဝ မရခဲ့တဲ့ အပြင် ၊ ဆုံးဖြတ်ချက် အမှား တချို့ ကျူးလွန်ထားကာ ၊ လက်စွမ်းလည်း သိသိသာသာ ကျနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

သို့ပေမယ့် ဂရေဟမ် ပေါ်တာ ရောက်လာတဲ့ အချိန် မန်ဒီ တယောက် ဒဏ်ရာက အပြီးသတ် ပြန်မကောင်းသေးတာကြောင့် ၊ ပေါ်တာ အနေနဲ့ ကီပါကို ဆက်တိုက် အသုံးပြုထားရပြီး ၊ ၄င်းကလည်း အသင်း အတွက် တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေ ပြသထားပါတယ် ။ ကီပါဟာ နောက်ဆုံး ၃ပွဲဆက် Clean Sheet စွမ်းဆောင်ပေးထားနိုင်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ ပေါ်တာ က ကစားခွင့် တမိနစ်မှ မရသေးတဲ့ မန်ဒီရဲ့ တုန့်ပြန်မှုနဲ့ ပတ်သက်ပြီး ” အက်ဒီဟာ အရာရာကို အကောင်းမြင်ထားပြီး ၊ အသင်း အတွက် အပြည့်အဝ ပံ့ပိုးပေးနေပါတယ် ။ ကျွန်တော် စရောက်လာတဲ့ အချိန်တုန်းက သူ ဒဏ်ရာရနေခဲ့တာကြောင့် ၊ ကီပါက မဖြစ်မနေ ကစားခွင့် ရခဲ့ပြီး ၊ လက်စွမ်းလည်းပြ ၊ အသင်းရဲ့ ရလဒ်ကောင်းတွေ အတွက် တထောင့်တနေရာက ပါဝင်ထားပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပွဲကစားခွင့် အတွက် ပြိုင်ဆိုင်နေကြတဲ့ ဂိုးသမားကောင်း ၂ယောက်ကို ပိုင်ဆိုင်ထားရပါတယ် ။ သူတို့ ၂ဦး တယောက်ကို တယောက် တွန်းအားပေးနေတာကို ကျွန်တော်တို့ အလိုရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ မန်ဒီလိုပဲ ဂရေဟမ် ပေါ်တာ လက်ထက် ကစားခွင့် မရသေးတဲ့ ချဲလ်ဆီး အသင်းသား တချို့တဝက် ရှိနေပြီး ၊ သူတို့ကို ပေါ်တာက အခုလိုပဲ မက်ဆေ့ခ်ျပေးခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော်တို့ဟာ အချိန်တို အတွင်း ပွဲခပ်စိတ်စိတ် ကစားနေရပါတယ် ။ ဒီတော့ လက်ရှိ ကစားသမား အစုအဖွဲ့ကို ပါးနပ်မှု ရှိရှိ အသုံးချဖို့ လိုပါတယ် ။ အသင်းသား အားလုံးရဲ့ တုန့်ပြန်မှုတွေ အပေါ် ကျွန်တော် အထူး အားရကျေနပ်မိပြီး ၊ သူတို့ရဲ့ ခံယူချက်တွေက အံ့သြဖွယ်ကောင်းပါတယ် ။ ”

” အခုအချိန် အထိ ကစားခွင့် မရသေးတဲ့ အသင်းသား အနည်းငယ် ရှိနေသေးပြီး ၊ သူတို့ဟာ ဘာတခုမှ အမှား မလုပ်ထားကြပါဘူး ။ ပွဲတပွဲမှာ ကစားသမား ၁၁ယောက်ကိုပဲ ပွဲထုတ်သုံးခွင့် ရတာပါ ။ ဒီတော့ ကျွန်တော်တို့ အဓိက ပစ်မှတ်ထားနေတာက တပွဲချင်းစီ ချဉ်းကပ်ဖို့နဲ့ တပွဲချင်းစီက အသင်းသားတွေ တိုးတက်လာဖို့သာ ဖြစ်ပါတယ် ။ ”

” လက်ရှိ အသင်းဟာ စွမ်းဆောင်ရည် အရ အမြင့်မားဆုံး အနေအထားဆီ မရောက်သေးဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့မှာ ကန့်သတ်ချက် ဆိုတာ မရှိပါဘူး ။ ဒီတော့ အသင်းလိုက် အရရော ၊ တဦးချင်း အရပါ ဆက်ပြီး တိုးတက်လာဖို့ ရှိပါတယ် ။ ဒီတော့ အခြေအနေတိုင်း အတွက် ကျွန်တော်တို့ လမ်းဖွင့်ထားပြီး ၊ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR