ပွဲဖြစ်နေကြတဲ့ လီဗာပူးကွင်းလယ်လူဟောင်း ဒီဒီဟာမန်း နဲ့ ယာဂန်ကလော့

ဒီဒီဟာမန်းက ဒီရာသီ လီဗာပူးရဲ့ form နဲ့ပက်သက်ပြီး သူ့ရဲ့ ဝေဖန်မှုကို ရိန်းဂျားနဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြင်းပြင်းထန်ထန် ပြန်လည် တုန့်ပြန်မှု လုပ်ခဲ့တဲ့ ယာဂန်ကလော့ရဲ့ မှတ်ချက် အပေါ် နားမလည်နိုင်အောင် ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဖလားလေးလုံး အိမ်မက်ကို ရာသီကုန်ဖို့ ၂ ပွဲ အလိုထိ ဖန်တီးထားနိုင်ခဲ့တဲ့ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီမှာ ဆိုးရွားတဲ့ တာထွက်နဲ့ ရင်ဆိုင်နေရပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁၄ မှတ်ထိ ကွာဟနေကာ title race ကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။

လီဗာပူးဟာ အာဆင်နယ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရှုံးနိမ့်ပြီးနောက် ဒီရာသီမှာ နိုင်ပွဲ ၂ ပွဲသာ ရထားခဲ့ပြီး အဆင့် ၁၀ နေရာထိ ရောက်နေကာ top 4 ၀င်ဖို့သာ အဓိက လုပ်ဆောင်ရမှာ ဖြစ်ပြီး အဓိက ကစားသမား တော်တော်များများ ကလည်း ပုံစံကောင်း ပျောက်ဆုံးနေကြပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်း ဟာမန်းက ကလော့ အနေနဲ့ ဒီလီဗာပူး အသင်းကို ပြန်လည် နိုးထအောင် လုပ်ပေးနိုင်တဲ့ energy ရှိနေပမလား ဆိုပြီး မေးခွန်းထုတ်သွားခဲ့တဲ့ အပြင် ဒါဟာ အန်ဖီးမှာ ဂျာမန်နည်းပြရဲ့ အဆုံးသတ် ဖြစ်လာတော့မယ် လက္ခဏာတွေ မြင်နေရတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဟာမန်းက “တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ မန်နေဂျာနဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေ လုပ်သွားရမှာ ဖြစ်ပြီး ဘယ်လောက် နီးကပ်နေပြီလဲ ဆိုတာ ကျွန်တော်လည်း မပြောတက်ပါဘူး။ ကလော့ကတော့ သူဟာ လီဗာပူးကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်နိုင်တဲ့ အမှန်ကန်ဆုံးလူ ဖြစ်နေဆဲလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ပွဲမှာ ဟန်ဒါဆန်ဟာ အသင်းခေါင်းဆောင် လက်ပတ်ကို ချွတ်ပြီး ခေါင်းခါကာ လူစားလဲတာ မခံချင်တဲ့ ပုံစံ ပြသခဲ့တဲ့ အရာမျိုးလေးတွေ ကျွန်တော် မြင်နေရပါတယ်။

ဒါမျိုးကို လီဗာပူးမှာ ၅ နှစ်လောက် မတွေ့ခဲ့ရပါဘူး။ ဒါဟာ ကစားသမားတွေဟာ မန်နေဂျာနဲ့ ပြသနာ အနည်းငယ် ရှိတဲ့ လက္ခဏာလေးတွေ ဖြစ်နိုင်ပါတယ်။ လီဗာပူးရဲ့ dynamics ဟာ အခြားအသင်းတွေနဲ့ မခြားလှပါဘူး။ ရလဒ်တွေ မကောင်းရင်တော့ မန်နေဂျာက ဖိအားတွေများလာမှာပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ရိန်းဂျားနဲ့ ပွဲစဉ်မတိ်ုင်မီ သတင်းစာရှင်းလင်းပွဲမှာ ဒီမှတ်ချက် အပေါ် ကလော့က “oh အရမ်းကောင်းပါတယ်။ သူဟာ နေရာတိုင်းက လေးစားမှု ရှိထားတဲ့ အရမ်းကောင်းတဲ့ သတင်း အရင်းအမြစ် တစ်ခုပါ။ ဒါပေမယ့် လီဗာပူး ကစားသမားဟောင်း တစ်ဦး ဖြစ်နေတာနဲ့ ဒီအသင်းနဲ့ ပက်သက်ပြီး ကိ်ုယ်ပြောချင်တာ ပြောနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ အထူးသဖြင့် ဒီအသင်း အကြောင်း ကိုယ်က ဘာမှ မသိတဲ့ အခါမှာပေါ့။ ဒီဒီဟာမန်းဟာ ခင်ဗျားတို့ (မီဒီယာ) ရဲ့ အသုံးချခံ ပစ္စည်းဖြစ်ဖို့ မထိုက်တန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားတို့ ကိုယ့်ရဲ့ ကိုယ်ပိုင် မေးခွန်းပဲ အသုံးပြုပါ။” လို့ တုန့်ပြန်ခဲ့ပါတယ်။

လီဗာပူးဟာ အင်္ဂါနေ့က ရိန်းဂျားကို Ibrox မှာ ၇ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် ချေမှုန်းပစ်ခဲ့ပြီး ဆာလားကလည်း ၆ မိနစ် နဲ့ ၁၂ စက္ကန့်အတွင်း ဟက်ထရစ်သွင်းယူကာ စံချိန်သစ် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာမန်းက သူ့ရဲ့ အသင်းဟောင်းမှာ ပြသနာတွေ ရှိနေသေးတဲ့ လက္ခဏတွေ မြင်နေရဆဲလို့ ပြောလိုက်ပါတယ်။

ဟာမန်းက “ကျွန်တော့် အတွက် ကတော့ လီဗာပူးရဲ့ ဒီနိုင်ပွဲဟာ ဝေဖန်မှု တစ်ချို့ကို ခဏလောက် ရပ်တန့်လိုက်သလိုပဲ ဖြစ်စေမှာပါ။ လီဗာပူးမှာ ဒီအချိန် ပြသနာတွေ ရှိနေတယ် ဆိုတာ ကတော့ သိသာပါတယ်။ ကလော့ ကတော့ ဒါကို တစ်မျိုး မြင်နေမှာပါ။ အကယ်၍ သူ့ဘက်က ကျွန်တော် ပေါက်ကရတွေ လျှောက်ပြောနေတယ်လို့ ထင်နေမယ် ဆိုရင် သူ ဒီအတိုင်း ယူဆနိုင်ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ကျွန်တော့် ဘက်ကတော့ လုံး၀ ပြသနာ မရှိပါဘူး။ အခြား လူတွေရဲ့ ထင်မြင်ယူဆချက် တွေကို လေးစားမှု ထားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရိန်းဂျားနဲ့ ပွဲစဉ်မတိ်ုင်မီ သတင်းစာရှင်းလင်းပွဲမှာ သူ ပြောခဲ့တဲ့ အရာတွေ အပေါ် ကျွန်တော် နားမလည်နိုင်အောင် ဖြစ်နေတာပါ။” လို့ ဆိုလိုက်ပါတယ်။

SM