နည်းပြ ထိုင်ခုံလှုပ်နေတဲ့ ဂျရတ်ရဲ့ ဗီလာနဲ့ ရင်ဆိုင်ရမယ့် အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

မနက်ဖြန်ည ဗီလာပါ့ခ်ကွင်းမှာ ချဲလ်ဆီး အသင်းဟာ အိမ်ရှင် အက်စ်တွန် ဗီလာ အသင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပါတယ် ။ ရလဒ်နဲ့ စွမ်းဆောင်ရည် ကျဆင်းနေလို့ ဖိအားဝင်နေတဲ့ ဗီလာ နည်းပြ စတီဗင် ဂျရတ် အဖို့ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာမှာ သေချာပါတယ် ။

လက်ရှိ ဗီလာ အသင်းရဲ့ ကစားသမား စာရင်းဟာ စာရွက်ပေါ်မှာ ကြည့်ရင် ၊ အသင့်အတင့် တောင့်တင်းမှု ရှိပေမယ့် ၊ ၎င်းတို့ဟာ လောလောဆယ်မှာ တန်းဆင်းဇုန်နား အဆင့် ၁၆ နေရာကို ရောက်နေပါတယ် ။

ဗီလာပိုင်ရှင်တွေကလည်း ကစားသမားတွေ လုံလုံလောက်လောက် ခေါ်ယူပေးပြီး ဂျရတ် အပေါ် ထောက်ခံမှု အပြည့်အဝ ပေးထားပေမယ့် ၊ မျှော်မှန်းထားတဲ့ ရလဒ်နဲ့ အချိုးမမျှရင်တော့ အတိုင်းအတာ တခု အထိသာ စိတ်ရှည်သည်းခံမှာ ဖြစ်ပါတယ် ။

လောလောဆယ် ပရီးမီးယားလိဂ်မှာ နည်းပြ အပြောင်းအလဲ ၄ခု ဖြစ်ထားပြီး ၊ ဗီလာ နည်းပြ ဂျရတ် ၊ လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာစ် ၊ ဆောက်သမ်တန် နည်းပြ ရပ်လ်ဖ် ဟက်ဆန်ဟူတယ်တို့ဟာ ရာထူးကနေ အထုတ်ခံရဖို့ ရေပန်းအစားဆုံးတွေထဲမှာ ပါဝင်နေပါတယ် ။

တဖက်မှာတော့ ချဲလ်ဆီးဟာ နည်းပြ အပြောင်းအလဲ ဖြစ်ပြီးနောက် ၊ ရလဒ်တွေ ဆက်တိုက် ကောင်းနေပြီး ၊ ခြေစွမ်းပိုင်းမှာလည်း တိုးတက်မှု များစွာ ရှိလာပါတယ် ။ ဒါ့အပြင် ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် နိုင်ထားပြီး ၊ ၃ပွဲဆက် Clean Sheet ရထားပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ပရီးမီးယားလိဂ်မှာ တသင်းနဲ့ တသင်း ကွာဟချက် သိပ်မရှိတာကြောင့် ၊ ဘယ်လောက်ပဲ ရလဒ်ဆိုးတဲ့ ပြိုင်ဖက်နဲ့ပဲ တွေ့တွေ့ ၊ စိန်ခေါ်မှုက ရှိနေမှာ ဖြစ်ကြောင်း သတိပေးရင်း ၊ ရာထူးမှာ ဆက်မြဲဖို့ မသေချာနေတဲ့ ဂျရတ် အပေါ် အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော်တို့ ပြောနေကြသလို ၊ ပရီးမီးယားလိဂ်မှာ တသင်းနဲ့ တသင်း အကြား ကွာဟချက် ကျဉ်းမြောင်းပါတယ် ။ စတီဗင်ဟာ ဗီလာ အတွက် ရလဒ်ကောင်းတွေ စွမ်းဆောင်ပေးချင်မှာ ဖြစ်သလို ၊ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့မယ့် ပွဲမှာ ရလဒ်ကောင်း ရဖို့ ကြိုးစား အားထုတ်ပါလိမ့်မယ် ။ ”

” သူတို့သာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့ရင် ၊ လီဗာပူးရဲ့ အထက်တောင် ရောက်နိုင်ခဲ့မှာ ဖြစ်ပါတယ် ။ ဒါကို ကြည့်ခြင်းအားဖြင့် ပရီးမီးယားလိဂ်မှာ အရာရာ လျင်လျင်မြန်မြန် ပြောင်းလဲနိုင်တယ် ဆိုတာ ခင်ဗျားတို့ တွေ့ရမှာပါ ။ ”

” ကျွန်တော်တို့ ကိုယ်၌ကလည်း စိန်ခေါ်မှုတွေ အတွက် အသင့် ဖြစ်နေဖို့ လိုပါတယ် ။ ပရီးမီးယားလိဂ်မှာ နည်းပြ တဦး မဟုတ် တဦးက ဖိအားတွေအောက်မှာ ရှိနေမှာပါပဲ ။ လောလောဆယ်မှာ အဲဒီ နည်းပြက စတီဗင် ဖြစ်နေပါတယ် ။

” ဒါပေမယ့် သူဟာ အရည်အချင်းနဲ့ အတွေ့အကြုံရှိ နည်းပြ တယောက်ပါ ။ ဒီတော့ ဒီဖိအားဒဏ်ကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ကျွန်တော်တို့ကတော့ ဒီပွဲမှာ ပြိုင်ဖက် အပေါ် အကြီးမားဆုံးသော လေးစားမှုတွေနဲ့ ရင်ဆိုင်မှာ ဖြစ်ပြီး ၊ ပွဲအကြောင်း အရမ်း တွေးမပူပဲ ၊ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ဖို့ လိုပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR