ချဲလ်ဆီး စတား တဦးဟာ သူထင်ထားတာထက် အများကြီး ပိုကောင်းကြောင်း ဖွင့်ဟလာတဲ့ ဂျိုဒီ မောရစ်

ချဲလ်ဆီး အသင်းဟာ နည်းပြ အပြောင်းအလဲ လုပ်ပြီးတဲ့နောက် ၊ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေပြီး ၊ ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲမှာ ၄ပွဲနိုင် ၊ တပွဲသရေ ရလဒ် စွမ်းဆောင်ထားကာ ၊ Clean Sheet ၃ပွဲဆက် ရခဲ့ပါတယ် ။

ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက်မှာတော့ ချဲလ်ဆီးဟာ ယခုနှစ်မှာ သာမက ၊ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာလည်း ခံစစ်ပိုင်း ကျစ်လျစ်မှု သိသိသာသာ လျော့ကျခဲ့ပြီး ၊ အသင်းဟာ ခြေစွမ်းပိုင်း ၊ ရလဒ်ပိုင်း တခုမဟုတ် တခု ရုန်းကန်ခဲ့ရပါတယ် ။

လက်ရှိ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက်မှာတော့ ရလဒ်ပိုင်းသာမက ၊ ကစားပုံ ၊ တဦးချင်း အသင်းလိုက် ခြေစွမ်းပိုင်းတွေမှာလည်း သိသိသာသာ တိုးတက်မှု ရှိလာပါတယ် ။ ချဲလ်ဆီး လက်ထောက် နည်းပြဟောင်း ဖြစ်တဲ့ ဂျိုဒီ မောရစ်ကတော့ ပေါ်တာရဲ့ လုပ်ဆောင်ချက်တွေ အပေါ် အခုလိုပဲ ချီးကျူးပြောဆိုခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ မောရစ် က ” ပထမဆုံး အနေနဲ့ အင်္ဂလိပ်လူမျိုး နည်းပြ တဦးကို ချဲလ်ဆီးက ရာထူးသစ် ပေးအပ်ခဲ့တဲ့ အပေါ် ကျွန်တော် အထူး ဝမ်းမြောက် ကျေနပ်မိပါတယ် ။ သူ့ရဲ့ ပထမဆုံးပွဲက စောလွန်းတော့ ခင်ဗျား အဲဒီပွဲရဲ့ ရလဒ်ကို ရှော်ပေးသင့်ပါတယ် ။ အဲဒီနောက်ပိုင်းတော့ ခင်ဗျား သူ့ဆီကနေ ဒါထက် ပိုပြီး တောင်းဆိုလို့ မရတော့ပါဘူး ။ ”

” ပေါ်တာ ချဲလ်ဆီးကို မရောက်လာခင်က Clean Sheet ဆိုတာ ရဖို့ ခက်ခဲခဲ့ပေမယ့် ၊ ပေါ်တာ ရောက်လာတဲ့ အခါမှာတော့ အသင်းက ပိုပြီး ကျစ်လျစ်မှု ရှိလာပါတယ် ။ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာ တခုကတော့ မတူညီတဲ့ နေရာတွေမှာ ကစားသမားတွေ လှည့်ပြီး သုံးသည့်တိုင် ၊ ရလဒ်တွေ ကောင်းနေခြင်း ဖြစ်ပါတယ် ။ ”

” ဒါဟာ ကမ္ဘာ့ဖလား အပြီး ကစားမယ့် ရှုပ်ထွေးတဲ့ ပွဲစဉ်ဇယား အတွက်လည်း အထူး အထောက်အကူ ပြုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဂျိုဒီ မောရစ်ဟာ ယခင် ချဲလ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ်နဲ့ လက်တွဲ အလုပ်လုပ်ခဲ့စဉ်က ဘရာဇီး လက်ရွေးစင် ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားကို ရာသီဝက်ကြာ ကိုင်တွယ်ခွင့် ရခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး မောရစ် က ” ဟုတ်ပါတယ် ။ သီယာဂိုဟာ ကျွန်တော် အရင်က ထင်ထားတာထက် အများကြီး ပိုကောင်းတဲ့ ကစားသမား ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့အပေါ် ထားရှိတဲ့ လေးစားမှုတွေကတော့ ပြောင်းလဲမသွားပါဘူး ။ သူဟာ ထိပ်တန်း အဆင့်ရှိ ခံစစ်မှူး တဦး ဆိုတာ ကျွန်တော် အမြဲ လက်ခံထားပါတယ် ။ ”

” ဒါပေမယ့် အီတလီ ၊ ပြင်သစ်လိဂ်တွေမှာ ကစားပြီး ပရီးမီးယားလိဂ် ပြောင်းလာတဲ့ ကစားသမားတွေထဲမှာ သီယာဂိုလို တပတ်ပြီး တပတ် ၊ တပွဲပြီး တပွဲ တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ရည်ပြနိုင်တဲ့သူ များများစားစား မရှိပါဘူး ။ သူနဲ့ အနီးကပ် အလုပ် အတူတူ လုပ်ခွင့် ရခဲ့တာကြောင့် သူဟာ ခေါင်းဆောင် တဦး ၊ အရည်အသွေး ပြည့်စုံတဲ့ ကစားသမား တဦး ဆိုတာ သိလာရပါတယ် ။ ”

” သူဟာ တဦးချင်း ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မျိုး ပေးနိုင်ရုံမက ၊ သူ့အနားမှာ ရှိတဲ့ အသင်းဖော်တွေရဲ့ ခြေစွမ်းကိုပါ ပိုကောင်းလာစေပါတယ် ။ သူဟာ အသင်းကို ကောင်းကောင်း ဦးဆောင်ပေးနိုင်ပြီး ၊ တည်ငြိမ်မှုကို ယူဆောင်လာပေးတာက ရိုးရိုးလေးနဲ့ ပြောင်မြောက်မှု ရှိပါတယ် ။ ”

” အသင်းက ဆိုးရွားတဲ့ ကာလကို ဖြတ်သန်းနေရရင်တောင် သီယာဂိုရဲ့ စွမ်းဆောင်ရည်က ကျမသွားပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အသက် ၃၈နှစ် အရွယ်ရှိ သီယာဂို ဆေးလ်ဗားဟာ ချဲလ်ဆီးမှာ ကစားလာတာ ယခုနှစ်မှာ ၃ရာသီမြောက် ရှိလာပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR